Home
မြန်မာသတင်း
ARSA သတ်ဖြတ်ခဲ့သည့် ဒေသခံ ရုပ်အလောင်း ၆ လောင်း တွေ့ရှိဟု AA ထုတ်ပြန်
DVB
·
October 1, 2025

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ အထက်အင်းချောင်းကျေးရွာ အနီးမှာ မွတ်ဆလင်လက်နက်ကိုင်တပ် (ARSA) သတ်ဖြတ်ပြီး အရိုးစုသာ ကျန်ရှိတော့တဲ့ ရုပ်အလောင်း ၆ လောင်းကို စက်တင်ဘာ ၂၈ ရက်မှာ တွေ့ရှိခဲ့တယ်လို့ အောက်တိုဘာ ၁ ရက်မှာ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။

အခုတွေ့ရှိတဲ့ ရုပ်အလောင်း ၆ လောင်းဟာ မောင်တောနယ်စပ်က တမန်းသားကျေးရွာနဲ့ ဒုံးညိုကျေးရွာတွေက ပျောက်ဆုံးနေတဲ့ ကျေးရွာသားတွေလို့ အာရက္ခတပ်တော်ဘက်က ကနဦး ခန့်မှန်းထားပြီးတော့ ရုပ်အလောင်းတွေကို ငှက်ပျောတောအုပ်အတွင်းမှာ သီးခြားစီ တွေ့ရှိရတာလို့ ဆိုပါတယ်။

တွေ့ရှိရတဲ့ အလောင်းတွေဟာ စနစ်တကျ မြှုပ်နှံထားတာ မဟုတ်တဲ့အတွက် အရိုးစုတွေသာ ကျန်တော့ပြီး သူတို့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သိရှိနိုင်ဖို့ မှုခင်းဆေးပညာဝန်ထမ်းတွေနဲ့ လူပျောက်မိသားစုတွေ ပူးပေါင်းပြီး အလောင်းတွေကို ခွဲခြမ်းအဖြေရှာနေတယ်လို့လည်း ပြောထားပါတယ်။

မောင်တောမြို့နယ်၊ တမန်းသားကျေးရွာက အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီးတယောက်တို့ဟာ ဩဂုတ်လကတည်းက အင်းချောင်းကျေးရွာကို ဈေးသွားရောင်းကြစဉ် ပျောက်ဆုံးနေပြီးတော့ ဒုံးညိုကျေးရွာက ကျေးရွာသား ၃ ယောက်မှာလည်း စက်တင်ဘာ တတိယအပတ်က ဝါးသွားခုတ်စဉ် ပျောက်ဆုံးနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။

မောင်တောမြောက်ပိုင်းမှာ မွတ်ဆလင်လက်နက်ကိုင်တွေက မွတ်ဆလင်မဟုတ်တဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ပြုလုပ်နေတဲ့အတွက် လက်ရှိမှာ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ရပ်တန့်နေကြသလို တောင်ယာကိုလည်း ဘယ်သူမှ မသွားရဲကြဘူးလို့ မောင်တောမြို့နယ် မြောက်ပိုင်းရှိ မင်းကြီးကျေးရွာသားတယောက်က ပြောပါတယ်။

“စက်တင်ဘာလအတွင်းမှာ ARSA က AA တွေကို တိုက်ခိုက်တာ၊ ကုန်သည်တွေနဲ့ ဒေသခံတောင်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေ အားလုံး ရပ်တန့်ထားရတယ်။ မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ လမ်းမှာ‌တွေ့သွားရင် အသက်ရှင်ဖို့ဆိုတာ မရှိတော့ဘူး။ အဲဒါကြောင့် တောင်ယာလည်း မသွားရဲကြတော့ဘူး။ အကုန်လုံးက စိုးရိမ်စိတ်နဲ့ နေကြရတယ်။”

မောင်တောမြို့နယ် မြောက်ပိုင်းမှာ တောင်ပြို-ကြိမ်ချောင်း ကုန်သွယ်ရေးလမ်းပိုင်းနဲ့ ကြိမ်ချောင်း-ဗန္ဒူလ ကုန်သွယ်လမ်းပိုင်းနှစ်ခုရှိပြီး လက်ရှိမှာ မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ရပ်တန့်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မောင်တောမြို့နယ်အတွင်း လူပျောက်တိုင်ကြားထားသူ ၁၀ ယောက်အထိရှိပြီး မွတ်ဆလင် လက်နက်ကိုင်တွေရဲ့ အကြမ်းဖက်မှု အန္တရာယ် ရှိတဲ့အတွက် တယောက်တည်း မသွားလာကြဖို့နဲ့ နီးစပ်ရာ လုံခြုံရေးစခန်းတွေကို အသိပေးပြီး သွားလာကြဖို့ကိုလည်း AA ဘက်က အသိပေးထားပါတယ်။

စက်တင်ဘာလအတွင်းကလည်း မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်မှတ်တိုင် ၅၆ နဲ့ ၅၇ အကြား ပွိုင့် ၆၀၁ ကုန်းရှိ အာရက္ခတပ်တော်ရဲ့ နယ်စပ်လုံခြုံရေးတပ်စခန်းနဲ့ ဒုံးညိုရွာအနီးရှိ ဒုံးညိုစခန်းတို့ကို သိမ်းပိုက်ဖို့ မွတ်ဆလင်လက်နက်ကိုင်တပ် ARSA အဖွဲ့ဟာ သူတို့ အခြေစိုက်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက နည်းလမ်းမျိုးစုံနဲ့ အချိန်ယူ စိမ့်ဝင်ထိုးဖောက် ဝင်ရောက်ခဲ့ကြတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

စက်တင်ဘာ ၁၆ ရက်က အင်းချောင်းကျေးရွာအနီးက အာရက္ခတပ်တော်ရဲ့ နယ်ခြားစောင့်တပ်စခန်းတခုကို ARSA က ဝင်ရောက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး AA ဘက်ကလည်း အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဆုတ်ခွာသွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိ မောင်တောမြို့နယ်အတွင်းမှာ အာရက္ခတပ်တော်ဘက်က လုံခြုံရေးတိုးမြှင့်ပြီး နယ်စပ်လုံခြုံရေးအတွက် ဆောင်ရွက်နေတယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။

မွတ်ဆလင် လက်နက်ကိုင်တွေဖြစ်တဲ့ ARSA၊ RSO၊ ARA တို့ဟာ မောင်တောနဲ့ ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ အတူပူးပေါင်းပြီး အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေကို ခုခံတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013