Home
မြန်မာသတင်း
နတ်ရေကန် ဗျူဟာအနီးရှိ ဂုတ်ကြီးစခန်းကို AA နှင့်ပူးပေါင်းတပ်များ သိမ်းပိုက်
DVB
·
September 30, 2025

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်းရဲ့ ကာကင်းဖြစ်တဲ့ ဂုတ်ကြီးကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဂုတ်ကြီးစခန်းကို AA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၆ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင် စစ်ရေးသတင်းရင်းမြစ်တယောက်က “ဂုတ်ကြီးမှာ ခံတပ်စခန်းအဖြစ် စစ်ကောင်စီက ဇန်နဝါရီလ ကတည်းက တည်ထားတာ။ အဲဒီစခန်းကို ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာရှိတယ်။ စစ်ကောင်စီကလည်း ပြန်လည်ရရှိဖို့ ကြိုးပမ်းနေတာကြောင့် လက်ရှိကတော့ ဂုတ်ကြီးရွာ အနီးမှာ တိုက်ပွဲတွေက ရှိနေဆဲပဲ။ စစ်ကောင်စီက လေကြောင်းကနေ Y-12 တွေနဲ့ တိုက်ခိုက်နေတာတွေလည်းရှိတယ်” လို့ပြောပါတယ်။

ဒါအပြင် နတ်ရေကန် ဗျူဟာအနီးက စွန်တက်ကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေကြပြီး စစ်ကောင်စီတပ်ကလည်း နတ်ရေကန်ဗျူဟာ တိုက်ခိုက်သိမ်းပိုက်မခံရဖို့ အသည်းအသန်ကြိုးပမ်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

အခု အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့ ဂုတ်ကြီးကျေးရွာဟာ အမ်း-ပဒါန်းကားလမ်းပေါ်မှာရှိတာဖြစ်ပြီး ပဒါန်းမြို့နဲ့ ၁၀ အကွာအဝေးသာရှိတယ်လို့ သိရပါတယ်။

အမ်း-ပဒါန်းကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တွေအကြား ၂၀၂၅ ခုနှစ် ဇန်နဝါရီလကတည်းက တိုက်ပွဲတွေဖြစ်ပွားနေကြတာဖြစ်ပြီး စစ်ကောင်စီရဲ့ တပ်စခန်း ၁၀ ခုထက်မနည်းကို သိမ်းပိုက်ထားကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ နတ်ရေကန်ဗျူဟာကို အစောပိုင်းမှာ တပ်မ-၉၉ လက်အောက်ခံတပ်ရင်းတွေနဲ့ ခုခံတိုက်ခိုက်ခဲ့ပေမဲ့ စစ်ရေးရှုံးနိမ့်ခဲ့တာကြောင့် ဩဂုတ်လကစပြီး စကခ- ၁၄ နဲ့ စကခ-၁၇ လက်အောက်ခံ တပ်ရင်းတွေနဲ့ ပြည်သူ့စစ်တွေပေါင်းထားတဲ့ တပ်ရင်းတွေနဲ့ တပ်အပြောင်းအလဲလုပ်ပြီး တိုက်ခိုက်မှုတွေကိုပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

စစ်တပ်နဲ့ AA တို့အကြား ရခိုင်-မကွေး နယ်စပ်အပြင်၊ ရခိုင်-ပဲခူးနဲ့ ရခိုင်-ဧရာဝတီမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေကြပြီး စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေကို ကြားဖြ တ်ချေမှုန်းတိုက်ခိုက်နေတယ်လို့  AA က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013