
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) ကို ရခိုင်ပြည်နယ်အတွက် တရားဝင် အုပ်ချုပ်ရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုပေးဖို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၂၀၂ ဖွဲ့က ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံများဆိုင်ရာ သံအမတ်ကြီးတွေကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆို ထားပါတယ်။
စက်တင်ဘာ ၂၉ ရက်မှာ Arakan American Community (AAC) အမေရိကန် ရခိုင်လူမှုအဖွဲ့အစည်းက ရက္ခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ လူသားချင်းစာနာမှု အခြေအနေတွေကို ဖြေရှင်းပေးဖို့နဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် မရှိမဖြစ်တဲ့ အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုနိုင်ဖို့ ခုလို တောင်းဆိုလိုက်တာပါလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရခိုင်ပြည်နယ်တွင်း ARSA၊ RSO စတဲ့ ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်က နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ငါးခိုးဖမ်းလှေတွေကြောင့် ဒေသခံ ပြည်သူတွေ လုံခြုံရေးစိုးရိမ်မှုတွေ၊ စစ်တကောင်းဒေသက ရခိုင်မျိုးနွယ်စုဝင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေ၊ ရခိုင်မှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပေမဲ့ ပိတ်ဆို့ခံရမှုတွေစတဲ့ ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် အဲဒီအိတ်ဖွင့်စာမှာ ရခိုင်ဒေသတွင်းနဲ့ နယ်စပ်တလျှောက်မှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေးတို့ကို ခြိမ်းခြောက်နေတဲ့ ဆိုးရွားလာတဲ့ ပြဿနာတွေနဲ့ အရေးပေါ် အချက် ၇ ချက်ကို နိုင်ငံတကာအနေနဲ့ ဝင်ရောက်ဖြေရှင်းပေးနိုင်ဖို့ တောင်းဆိုလိုက်တာပါ။
ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ နယ်မြေ ၉၃ ရာခိုင်နှုန်းကျော်ကို AA က ထိန်းချုပ်ထားနိုင်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် မရှိမဖြစ်တဲ့ အဖွဲ့အစည်း ဖြစ်လာတဲ့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ တရားဝင်အုပ်ချုပ်ရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုကာ လူသားချင်း စာနာထောက်ထားမှုနဲ့ တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကေခိုင်