
ဆိုမာလီယာ သမ္မတနန်းတော်နားမှာ အစိုးရက နှစ်ပေါင်းများစွာ လမ်းပိတ်ဆို့ထားတာကို ရုပ်သိမ်းပြီးတဲ့နောက် နာရီပိုင်းအကြာမှာ စစ်သွေးကြွအုပ်စုက အဓိက အကျဉ်းထောင်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ ပေါက်ကွဲမှုတွေနဲ့ အပြင်းအထန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။
မိုဂါဒစ်ရှူးခရိုင်အလယ်ပိုင်း ဘွန်ထီယာရပ်ကွက်မှာ နေသူတွေဟာ ပေါက်ကွဲသံတွေနဲ့ သေနတ်သံတွေကို ကြားခဲ့ရပြီး ဒေသဆိုင်ရာ ထောက်လှမ်းရေးယူနစ်ရဲ့ ဌာနချုပ်လည်းဖြစ်တဲ့ အကျဉ်းထောင်ကနေ မီးခိုးငွေ့တွေ တက်နေတာကို မြင်တွေ့ခဲ့ ရပါတယ်။
မြို့ခံတယောက်ဖြစ်တဲ့ ဟီဘိုမိုဟာမဒ်က “ကျနော်တို့ တကယ်ကို ကြောက်ပါတယ်။ မြို့က လနဲ့ချီပြီး ငြိမ်သက်နေခဲ့ပေမဲ့ အခုတော့ အားလုံးက နောက်တကြိမ် ထပ်ပြီး စိုးရိမ်နေကြပါတယ်"လို့ AP သတင်းဌာနကို ဖုန်းနဲ့ ပြောပါတယ်။
ဆိုမာလီယာနိုင်ငံမှာ အခြေစိုက်တဲ့ အယ်လ်ကေဒါနဲ့ ဆက်နွှယ်နေတဲ့ အယ်လ်ရှာဘတ် စစ်သွေးကြွအုပ်စုက အကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်လို့ ပြောရင်း တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း အခိုင်အမာ ပြောခဲ့ပါတယ်။
စစ်သွေးကြွတွေဟာ ထောက်လှမ်းရေးတပ်ဖွဲ့က လုံခြုံရေးတပ်ဖွဲ့ ဝင်တွေနဲ့ ဆင်တူအသွင်ယူထားတဲ့ ယာဉ်ကို သုံးခဲ့တယ်၊ စစ်သားတွေက တိုက်ခိုက်မှုကို ချေမှုန်းခဲ့ပြီး စစ်သွေးကြွ အများအပြား သေဆုံးခဲ့တယ်လို့ ဆိုမာလီယာ နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပါတယ်။
၂၀၁၄ ခုနှစ်က တိုက်ခိုက်ခံခဲ့ရဖူးတဲ့ ဂေါ့ဒ်ခါ ဂျီလာကောင်း အကျဉ်းထောင်ဝင်းကို အယ်လ်ရှာဘတ် စစ်သွေးကြွတွေက ဝင်မတိုက်မီ ဝင်ပေါက်ကို အသေခံ ကားဗုံးခွဲပြီး ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ ဆိုမာလီတပ်ဖွဲ့တွေက တိုက်ခိုက်သူတွေကို ချေမှုန်းခဲ့ပေမဲ့ လူ တဒါဇင်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။
မိုဂါဒစ်ရှူးမြို့တော်က အရေးပါတဲ့ အစိုးရဆိုင်ရာနေရာတွေကို အကာအကွယ်ပေးဖို့ အတားအဆီးတွေ နှစ်ပေါင်းများစွာ ရှိနေခဲ့ပေမဲ့ ဒါတွေက ယာဉ်ကြောနဲ့ ကူးသန်းရောင်းဝယ် ရေးတို့ကို ပိတ်ဆို့ထားတယ်လို့ လူအများအပြားက ငြင်းခုံကြပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ရာဆီ ရောက်နိုင်တဲ့ လမ်းတွေကို အမြန်ပိတ်ဆို့ခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ်တွေလည်း အခင်းဖြစ်တဲ့နေရာဆီကို အမြန်ရောက်ခဲ့ပါတယ်။ အသေအပျောက် အရေအတွက်ကို ချက်ချင်း မသိရပါဘူး။
ဒေသဆိုင်ရာ ပြည်သူ့စစ်တွေနဲ့ အာဖရိကသမဂ္ဂတပ်တွေက ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရတပ်ဖွဲ့တွေဟာ ဆိုမာလီယာအလယ်ပိုင်းနဲ့ တောင်ပိုင်းက ဧရိယာအများအပြားကနေ အယ်လ်ရှာဘတ်တိုက်ခိုက်ရေး သမားတွေကို တိုက်ထုတ်ခဲ့လို့ မကြာသေးမီလတွေအတွင်း မိုဂါဒစ်ရှူးမြို့တော်က အတော်လေး ငြိမ်သက်သွားခဲ့ပါတယ်။
Source: Reuters




