
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ မိုးကြီးတာကြောင့် ပဲပုပ်စိုက်ပျိုးထားတဲ့တောင်သူတွေ ရိတ်သိမ်းဖို့ အခက်ကြုံပြီး ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက ဗန်းမောက်၊ ကုန်းပေါ၊ နမ်းဖာမူ၊ ကရား စတဲ့ကျေးရွာတွေက တောင်သူတွေဟာ ပြောင်းကို အဓိကစိုက်ပျိုးခဲ့ပေမဲ့ အခုနှစ်မှာတော့ PNO ပြည်သူ့စစ်နဲ့ စစ်တပ်က ပြောင်းကိုစိုက်ပျိုးခွင့်မပြုတာကြောင့် ပဲပုပ်ကိုအစားထိုးစိုက်ပျိုးခဲ့ရပြီး ရိတ်သိမ်းချိန်မှာ မိုးကြီးနေတာကြောင့် အခက်ခဲတွေရှိနေတာလို့ ဆိုပါတယ်။
ပဲပုပ်စိုက် တောင်သူတယောက်က “မိုးများတော့ ရိတ်သိမ်းပြီးတဲ့ဟာတွေ မိုးကာနဲ့အုပ်တော့ မှိုတက်ကုန်ပြီး မရိတ်သိမ်းရသေးတဲ့ဟာက ရေထိတော့ အပင်ပေါက်ကုန်တဲ့အတွက် ၁၀ ပြည် ရမယ့်အစား ၂ ပြည်လောက်ပဲ ပြန်ရတော့ အရင်းတောင်ပြန်မရဘူး” လို့ ပြောပါတယ်။
ပဲပုပ်ပင်တွေ ပျက်စီးကုန်တဲ့အတွက် တောင်သူအများစု လာမယ့်နှစ်မှာ စားဝတ်နေရေးခက်ခဲမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
ပင်လောင်းမြို့နယ်က နမ်းဖာမူ၊ ဗန်းမောက်ကျေးရွာတဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် တောင်သူတွေ အဓိကစိုက်ပျိုးတဲ့ စပါး၊ နေကြာ၊ ပြောင်းနဲ့ နှမ်းတို့ကို အပင်ရှည်ပြီး မြင်ကွင်းပိတ်တာကြောင့်ဆိုပြီး စစ်တပ်နဲ့ PNO ပြည်သူ့စစ်တွေက စိုက်ပျိုးခွင့်မပြုဘဲ မြေပဲ၊ ငရုတ်၊ ပဲပုပ် စတဲ့ အပင်တိုမျိုးတွေကို အစားထိုးစိုက်ခိုင်းခဲ့တာလို့ သိရပါတယ်။