
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်က တောင်လွယ်မောင်းရွာနဲ့ ထီဝါးလီးရွာမှာ မိုးအဆက်မပြတ်ရွာပြီးနောက် ကျေးရွာထဲကို တောင်ပြိုလို့ ရွာသားတွေ အရေးပေါ်ရွှေ့ပြောင်းရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင်လဒုတိယပတ်ကတည်းကစလို့ မိုးရက်ဆက်ရွာနေခဲ့တာဖြစ်ပြီး သြဂုတ် ၂ ရက်နေ့မှာတော့ တောင်လွယ်မောင်းရွာမှာ တောင်ပြိုကျလို့ ကျေးရွာထဲကျောက်တုံးကြီးတွေ လိမ့်ကျလာပြီး စာသင်ကျောင်းပေါ်လည်း မြေပြိုကျခဲ့တယ်လို့ ရွာသားတယောက်က ပြောပါတယ်။
“မိုးက တလလုံး ရွာထားတယ်။ မနေ့ကတော့ မနက်အစောရောက်တော့ ဒလဟော စီးကျလာတဲ့ တောင်ကျရေနဲ့အတူ ကျောက်တုံးတွေ၊ သစ်တုံးတွေ ပါလာတယ်။ ရွာသားအိမ်တွေနားလည်း မြေပြိုတယ်။ စာသင်ကျောင်းပေါ်လည်း မြေပြိုတယ်။ ကံကောင်းလို့ ကျောင်းသူကျောင်းသားတွေ ဆရာ၊ ဆရာမတွေ အချိန်မီ အပြင်ထွက်ပြေးနိုင်ခဲ့တယ်။ အခုထိတော့ ထိခိုက်မှုမရှိသေးဘူး။ အကုန်လုံးအချိန်မီ ရှောင်နိုင်ခဲ့တယ်။”
မြေပြိုတာကြောင့် တောင်လွယ်မောင်းရွာမှာ အိမ်လုံးကျွတ် တောင်ကျရေနဲ့ ပါသွားတာတွေ ရှိသလို တရွာလုံးနီးပါး တိမ်းရှောင်ကြရပြီး ထီဝါးလီရွာမှာတော့ အိမ် ၃၀ လောက် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
သဘာဝဘေးကြောင့် တိမ်းရှောင်နေရတဲ့ ရွာသူရွာသားတွေဟာ ပင်လောင်းမြို့ပေါ် မွေတော်ဘုရားကြီးနဲ့ ထီပေါင်းရွာအုပ်ချုပ်ရေးမှူးအိမ်တို့မှာ ယာယီနေကြပါတယ်။
ကျေးရွာတာဝန်ရှိသူတယောက်က “လမ်းလည်း ရေတိုက်စားထားတော့ ကားသွားလို့ မရဘူး။ ခုရွာသားတွေတော့ ဘေးကင်းရာရှိပြီ။ ဒါပေမဲ့ သူတို့အိမ်မှာကျန်တဲ့ ပစ္စည်းတွေ ရွှေ့ပြောင်းဖို့ အရေးပေါ်လိုအပ်တယ်။ မိုးလည်း ခုထိမရပ်သေးတော့ စိုးရိမ်ဖွယ်အခြေအနေ ဆက်လက် ဖြစ်ပေါ်နိုင်ခြေရှိတယ်။ ခု ရှောင်နေရတဲ့လူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်” လို့ပြောပါတယ်။
လွယ်မောင်းကျေးရွာမှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့ကလှုပ်တဲ့ အင်အားပြင်းငလျင်ကြောင့်လည်း ကျေးရွာအတွင်းက ဘုန်းကြီးကျောင်း ပြိုကျပျက်စီးခဲ့ပါတယ်။
ပင်လောင်းမြို့နယ်မှာ အခုလအတွင်းမိုးများနေပြီး မြေနိမ့်ပိုင်းမှာ ရေဝင်နေလို့ တောင်တွေအနီးတဝိုက်မှာ မြေပြိုနိုင်တာကြောင့် တာဝန်ရှိသူတွေက သတိပေးထားပါတယ်။