ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ်၊ ဇယ်တုန်ဟုန်းရွာကို အောက်တိုဘာ ၄ ရက် ဒီနေ့လယ် ၁၂ နာရီခွဲလောက်မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၂ ယောက် သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နမ့်ဆန် ဇယ်တုန်ဟုန်းဘက်ကို ဂျက်ဖိုက်တာနဲ့ကြဲသွားတာလို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
ဒေသခံနောက်တယောက်က “ဟုတ်တယ်။ နမ့်ဆန်မှာကြဲတာ။ ပြေးလိုက်ရတာ။ ၉ ယောက် ထိတယ်။ ၂ ယောက်သေတယ်။ ခုနကပဲ အဲဒီနေရာက ပြန်လာတာ” လို့ ပြောပါတယ်။
ဗုံးမှန်လို့ ကလေး ၂ ယောက် သေဆုံးပြီး ကလေး ၆ ယောက်နဲ့ လူကြီး ၃ ယောက် ထိမှန်ဒဏ်ရာရတယ်လို့ သူက ပြောပါတယ်။
PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း နမ့်ဆန်မြို့နယ်၊ ဇယ်တုန်ဟုန်းရွာကို ဒီနေ့ နေ့လယ်ပိုင်း ၁၂ နာရီ ၂၈ မိနစ်အချိန်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်လို့ ကလေး ၂ ယောက် သေဆုံးပြီး ကလေး ၆ ယောက် အပါအဝင် ၉ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၁၆ လုံးလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ကလည်း တိုက်ပွဲဖြစ်တာမရှိတဲ့ နမ္မတူမြို့ပေါ်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး တလုံး လာရောက်ကြဲချတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ ၃ ယောက် သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၈ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။