
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်က မြို့နယ်တွေမှာ စက်တင်ဘာ တလအတွင်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂၃ ယောက် သေဆုံးပြီး ၄၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၃ ယောက်ထဲမှာ အမျိုးသား ၁၉ ယောက်နဲ့ အမျိုးသမီး ၄ ယောက် ဖြစ်ပြီး ဒဏ်ရာရသူ ၄၉ ယောက်ထဲမှာတော့ အမျိုးသား ၂၉ ယောက်နဲ့ အမျိုးသမီး အယောက် ၂၀ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ ပလက်ဝမြို့ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်တိုင်တိုင် ဗုံးကြဲချတိုက်ခိုက်လို့ ဒေသခံ ၂ ယောက် သေဆုံးပြီး ၂၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ စက်တင်ဘာ ၂၇ ရက် ညနေပိုင်းမှာ သံတွဲမြို့ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ ကြိမ် လာရောက်ပစ်ချခဲ့လို့ ဒေသခံတယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ “ပညာပန်းခင်း” နဲ့ “အမြင်သစ်” ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား ကျောင်းသူ အယောက် ၂၀ သေဆုံးပြီး ၂၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
လူမှုကူညီရေး လုပ်ဆောင်ပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က “ဒီကာလက စစ်ပွဲကာလဖြစ်နေတော့ ပြည်သူတွေအကုန်လုံး လုံခြုံရေးသတိက အမြဲရှိနေဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာလည်း စစ်တပ်နဲ့ AA တပ်ဖွဲ့တို့ ရခိုင်ပြည်နယ်အစပ်နေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်တပ်ဘက်က အကျအဆုံးတွေ ရှိနေတယ်လို့ AA က ဆိုထားပါတယ်။
ခုလို စစ်ရှုံးနေတဲ့အတွက် စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ဦးတည်ပြီး ဗုံးကြဲချမှုတွေ ရှိနေတာကြောင့် လေကြောင်းနဲ့ ရေကြောင်းကနေ လက်နက်ကြီးပစ်ခတ်မှုရန်ကို ပိုမိုသတိပြုနေထိုင်ကြပြီး စစ်ရေးသတိရှိနေကြဖို့ AA က ထုတ်ပြန်ပြောဆိုထားပါတယ်။
ကေခိုင်