
အာရက္ခတပ်တော် (AA)နဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် (BGB)တို့ ဆက်ဆံရေးတင်းမာပြီးနောက် ဘင်္ဂလားဒေ့ရှ်ဘက်က ရခိုင်ပြည်နယ်သို့တင်သွင်းတဲ့ ကုန်စည်တွေကို ဆက်တိုက်ဖမ်းဆီး လာတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းစာတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက်ကစပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ရခိုင်ဘက်သို့ တင်သွင်းတဲ့ ကုန်စည်တွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးလာသလို၊ ပစ်ခတ်မှုတွေကိုလည်း ပြုလုပ်လာတယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက်က ဘင်္ဂလားဒေ့ရှ်ဘက်က ကုန်စည်တင်ဆောင်လာတဲ့ ကုန်သည် ၁၁ ယောက်နဲ့ ကုန်ပစ္စည်းတွေကို ဖမ်းဆီးခဲ့သလို၊ စက်တင်ဘာ ၂၀ ရက်မှာလည်း ကုန်သည် ၁၀ ယောက်နဲ့ ကုန်စည်တွေအပါဝင် စက်လှေ ၃ စင်းကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB က ဖမ်းဆီးခဲ့ပါတယ်။
ဒါအပြင် စက်တင်ဘာ ၂၁ ရက်က ကုန်သည် ၃ ယောက်ကို ဖမ်းဆီးခဲ့သလို စက်တင်ဘာ ၂၅ ရက်က လည်း စိန့်မာတင်ကျွန်းက ရခိုင်ပြည်နယ် မောင်တောဘက်ကို ကူးလာတဲ့ ကုန်တင်စက်လှေ တစင်းကို BGB က ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့လည်း မောင်တောဒေသခံကုန်သည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်သတင်းစာတွေက ရေးပါတယ်။
ဘင်္ဂလားဒေ့ရှ်ကနေ စားနပ်ရိက္ခာ၊ ဓာတ်မြေဩဇာနဲ့ ဘိလပ်မြေတွေကို ရခိုင်ပြည်နယ်ဘက်ကို တင်သွင်းနေတာဖြစ်ပြီး ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်က တင်းတင်းကျပ်ကျပ် ဖမ်းဆီးလာတာလို့ မောင်တောက မွတ်ဆလင်ကုန်သည် တယောက်က ပြောပါတယ်။
“ရခိုင်မှာ တိုက်ပွဲဖြစ်ကတည်းက စစ်ကောင်စီက ကုန်စည်စီးဆင်မှုတွေကို ပိတ်ဆို့ထားတာကြောင့် မောင်တောက ကုန်သည်တွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်က အရေးပေါ် စားနပ်ရိက္ခာ တချို့ကို ကုန်သွယ်ကြတာရှိတယ်။ အရင်ကတည်းကလည်း BGB က ဖမ်းဆီးမှု တချို့ရှိပေမဲ့ ဒီရက်ပိုင်း ပိုပြီးတင်းကျပ်လာတယ်။ အဓိကတော့ AA နဲ့ BGB ဆက်ဆံရေး မကောင်းတာကြောင့် ရခိုင်ပြည်ဘက်ကို ကုန်စည်တင်းသွင်းမှုကို ဘင်္ဂလားဒေ့ရှ်ဘက်က လုံဝ တင်းကျပ်လာတာ။ ဒီအတိုင်းဆို မောင်တောဘက်မှာ ကုန်စည်ပြတ်လပ်မှုတွေ ရှိလာနိုင်တယ်။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ စားသောက်ကုန်တွေ၊ ဘိလပ်မြေ၊ ဓာတ်မြေဩဇာတွေကို ရခိုင်ပြည်နယ်ဘက်ကို တင်ပို့သူတွေကို ကုန်ပစ္စည်မှောင်ခိုတင်ပို့မှု၊ အခွန်ရှောင်တိမ်းမှု စတဲ့ ပုဒ်မတွေနဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဆီအမ်အူလ်ဟတ်က ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေကို ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရခိုင်ကို ကုန်သွယ်မှု ပိတ်ဆို့လာတာက ကောင်းမွန်တဲ့ ဆက်ဆံရေးမဟုတ်သလို ဒေသတွင်းလူမှုနေမှုကို ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ မောင်တောဒေသခံ လူမှုရေးတက်ကြွလှုပ်ရှားသူ လူငယ်တယောက်က ပြောပါတယ်။
“အာရက္ခတပ်တော်နဲ့ BGB အကြား ဆက်ဆံရေးတင်းမာနေတယ်ဆိုတာကို ဒီရက်ပိုင်း အဖွဲ့အစည်း ၂ ခုရဲ့ ထုတ်ပြန်ချက်တွေအရ သိနိုင်တယ်။ ဒီနောက်ဆက်တွဲအနေနဲ့က ဘင်္ဂလားဒေ့ရှ်ဘက်ကို ကုန်သွယ်မှုကို ပိတ်ဆို့ဖို့ ကြိုးစားလာသလို AA ဘက်ကလည်း ငါးဖမ်းမှုတွေကို တင်းကျပ်စွာ ဖမ်းဆီးလာတာ တွေ့ရတယ်။ ဒီတင်းမာမှုတွေ ပိတ်ဆို့မှုတွေက ဒေသတွင်း လူနေမှု အခြေအနေတွေကိုထိခိုက်မှုရှိစေမှာ အမှန်ပြီးဖြစ်တော့ နှစ်ဘက်စလုံးမှာရှိတဲ့ အခြေခံလူစားတန်းစားနဲ့ အရပ်သားတွေအပေါ် ရိုက်ခတ်မှုရှိနိုင်တယ်” လို့ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်သို့တင်ပို့နေတဲ့ မူးယစ်ဆေးဝါးတွေမှာ AA ပါဝင်ပတ်သတ်မှုရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က စွပ်စွဲထားသလို၊ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် အရာရှိတချို့ဟာ မွတ်ဆလင်လက်နက်ကိုင်တွေကို သင်တန်းပေးပြီး ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ငန်းတွေလုပ်ဖို့ စေခိုင်းတာရှိတယ်လို့ အာရက္ခတပ်တော်လည်း အပြန်အလှန်စွပ်စွဲထား ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ပလက်ဝမြို့နယ် ၃ ခုလုံးကို AA က ၂၀၂၄ ခုနှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နယ်စပ်လုံခြုံရေးကို တာဝန်ယူဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
ရခိုင်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီက ကုန်စည်စီးဆင်းမှုအားလုံးကို ဖြတ်တောက်ထားတာဖြစ်ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေအတွက် အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို အားထားနေကြရတာလည်း ဖြစ်ပါတယ်။