
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မန်ဟဲကျေးရွာကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီကနေ့ အောက်တိုဘာ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီမနက် ၇ နာရီ ၄၉ မိနစ်မှာ မန်ဟဲကျေးရွာရှိ ရဲစခန်းဟောင်းထဲကို လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့အခြေအနေကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။
အောက်တိုဘာ ၂ ရက်ကလည်း သီပေါမြို့နယ် စံဖိတ်ကျေးရွာ ကုမုဒြာဟိုတယ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အဆောက်အအုံ ၁ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂ ရက်နေ့မှာပဲ နမ္မတူမြို့အတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃ ယောက်သေဆုံးခဲ့ပြီး ၆ ယောက်က ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၈ လုံး ထိခိုက်ပျက်စီးသွားခဲ့ ပါတယ်။
ကျောက်မဲကို စစ်တပ်က ပြန်လည် သိမ်းပိုက်ပြီးနောက် သီပေါကို ဆက်ပြီး စစ်ကြောင်းထိုးဖို့ အင်အားစုဖွဲ့ နေတယ်လို့လည်း ဒေသခံတွေနဲ့ TNLA က ပြောပါတယ်။
စစ်တပ်ဟာ TNLA ထိန်းချုပ်နယ်မြေတွေကိုသာမက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားရရှိခဲ့တဲ့ နေရာတွေကို လူအင်အား၊ လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြစ်မဲ့ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့လည်း TNLA က ဆိုပါတယ်။
မြတ်သဇင်