Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ ကမ်းပြိုကျမှုကြောင့် နေအိမ် ၃၀ ကျော် ရွှေ့ပြောင်း၊  လူ ၂ ဦး ရေထဲမျော
DVB
·
October 4, 2025
Photo: ကူညီကယ်ဆယ်ရေးအဖွဲ့များ

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့တလအတွင်း မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျပြီး လူနေအိမ်အလုံး ၃၀ ကျော် ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရကာ လူ ၂ ယောက် ကမ်းပြိုကျတဲ့အထဲ ပါသွားတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အခုနှစ် စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ ဧရာဝတီတိုင်းမှာ တလအတွင်း တိုးမြစ်၊ ဧရာဝတီမြစ်၊ ငဝန်မြစ်နဲ့  ငါးသိုင်းချောင်းမြစ်ရေ တိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျမှုဖြစ်ပွားကာ လူနေအိမ် ၃၀ ကျော် ကမ်းပြို ဘေးလွတ်တဲ့နေရာတွေကို ပြောင်းရွှေ့ခဲ့ရသလို လူ ၂ ယောက် ရေထဲမျောပါသွားတာကြောင့် အရေးပေါ် ကယ်တင်ခဲ့ရတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနနဲ့ နီးစပ်သူတယောက်က “ရုတ်တရက် ကမ်းပါးပြိုကျလာလို့ အရေးပေါ်ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရတာ။ ပြီးခဲ့တဲ့ တလအတွင်း အိမ် ၃၀ ကျော်လောက်ကို အရေးပေါ် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တလအတွင်း ဧရာဝတီတိုင်းမှာ ညောင်တုန်း၊ မအူပင်၊ ဟင်္သာတ၊ ပန်းတနော်၊ မြန်အောင်၊ ဓနုဖြူ၊ အင်္ဂပူ၊ လပွတ္တာ၊ ဇလွန် စတဲ့မြို့နယ်တွေက လူနေအိမ် အလုံး ၃၀ ကျော် ကမ်းပြို ဘေးလွတ်တဲ့နေရာတွေကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ သိရပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးသူတယောက်က “ကမ်းပြိုကျမှုတွေက ဧရာဝတီတိုင်းမှာ ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။ ပြီးခဲ့တဲ့လက ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စုမှာ ဧရာဝတီမြစ်ရေ တိုက်စားတဲ့ဒဏ်ကြောင့် ရုတ်တရက် ကမ်းပြိုကျမှု ဖြစ်ပွားတယ်။ ကမ်းပါးပြိုကျတဲ့ ဧရာဝတီမြစ်အထဲကို အိမ်အလုံးလိုက် ပါသွားတာ။ အိမ်ထဲမှာရှိနေတဲ့ အဘွားတယောက်နဲ့ ကလေးတယောက် ပါသွားတယ်။ အိမ်က ဝါး၊ ဓနိအိမ်ဆိုတော့ ဖောက်ထွက်လာနိုင်လို့ အသက်ရှင်လျက် ကယ်တင်လိုက်နိုင်တာ” လို့ ပြောပါတယ်။

အဲဒီလို ကမ်းပြိုကျမှုကြောင့် အရေးပေါ် နေအိမ်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ခြေ ၃၀ ကျော်က လူဦးရေ ၉၀ ကျော်အထိ သဘာဝဘေးဒဏ် ခံစားခဲ့ရပေမဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီက အကူအညီပေးတာတွေ အားနည်းတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျမှုတွေ ဖြစ်ပွားလာလို့ အရေးပေါ် ပြောင်းရွှေ့ရတဲ့အထိ ဖြစ်ပေါ်ခဲ့ပေမဲ့ လူတွေသေဆုံးတာ မရှိဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013