
ဆည်ရေကျော်ကျခဲ့တဲ့ မန္တလေးတိုင်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းပေါ်က တံတားတစင်း ရေတိုက်စားမှုဒဏ်ကြောင့် ကျိုးကျခဲ့တဲ့အတွက် ယာဉ်တွေပိတ်ဆို့မှု ထပ်ပိတ်ဆို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဆည်ရေကျော်ကျခဲ့တဲ့ မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းပေါ်ရှိ ကိုင်းကျေးရွာနဲ့ စည်ပင်သာကျေးရွာကြားက ကွန်ကရစ်တံတားဟာ ရေတိုက်စားတဲ့ဒဏ်ကြောင့် အောက်တိုဘာ ၃ ရက် မနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ကျိုးသွားတာကြောင့် လမ်းတွေ ပြန်ပိတ်ဆို့နေတယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “ပြီးခဲ့တဲ့ရက်က ရေကျော်ကျလို့ ပိတ်ခဲ့ရတဲ့ လမ်းပိုင်းပေါ်က တံတားပါ။ ရေတိုက်စားတဲ့ဒဏ်ကြောင့် တံတားက ကျိုးကျသွားတာ။ လောလောဆယ် ဘယ်ယာဉ်မှ ဖြတ်သန်းလို့မရတော့ဘဲ ပြန်ပိတ်သွားတာ” လို့ ပြောပါတယ်။
စက်တင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောက်ပန်းတောင်းမြို့နယ်ထဲက ကြက်မောက်တောင်ဆည် ရေလျှံပြီး ဆည်အနီး မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းပေါ်က မိုင်တိုင်အမှတ် ၅၁/၄-၇၊ ကိုင်းကျေးရွာအနီးမှာ ရေ ၇ ပေအထိကျော်ခဲ့ပါတယ်။
ဒါကြောင့် ယာဉ်တွေ ဖြတ်သန်းမောင်းမရတဲ့အထိ ဖြစ်ပေါ်ခဲ့လို့ လမ်းပိုင်းကို သက်ဆိုင်ရာက ယာယီပိတ်ခဲ့ရပြီး ရေပြန်ကျလာလို့ အောက်တိုဘာ ၁ ရက်က စတင် ဖြတ်သန်းသွားလာခွင့်ပြုပြီးနောက် တံတားကျိုးကျလို့ လမ်းပြန်ပိတ်သွားတာလို့ သိရပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူက “မိန်းလမ်းမပေါ်က တံတားတစင်း ကျိုးကျပျက်စီးသွားတာ ဟုတ်တယ်။ တံတားကျိုးကျမှုကြောင့် ယာဉ်တွေ ဖြတ်သန်းခွင့်မရတော့တဲ့ အခြေအနေ ဖြစ်သွားတာ။ ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာနိုင်ဖို့ (ယာယီ) ဘေလီတံတားတစင်းကို အမြန်ဆုံး တည်ဆောက်သွားမှာ ဖြစ်တယ်” လို့ ပြောပါတယ်။
မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းဟာ မြင်းခြံ၊ ပုဂံ၊ ညောင်ဦးဒေသက ခရီးသွားပြည်သူတွေပါ အားထားရတဲ့ လမ်းပိုင်းတခုဖြစ်ပြီး မကြာခင် သီတင်းကျွတ်ပိတ်ရက် ပုဂံ ညောင်ဦးဘက် ခရီးသွားလာမယ့်သူတွေ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ကျောက်ပန်းတောင်း-ပုဂံ ခရီးစဉ်တွေ အခက်အခဲဖြစ်နိုင်ပေမဲ့ အောက်တိုဘာ ၄ ရက် ဒါမှမဟုတ် ၅ ရက်နေ့ မနက်ပိုင်းမှာ ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာနိုင်ဖို့ အဲဒီလမ်းပိုင်းကို တာဝန်ယူထားတဲ့ BOT ကုမ္ပဏီက (ယာယီ) ဘေလီတံတားတစင်းကို အရေးပေါ် အမြန်ဆုံး တည်ဆောက်သွားမယ်လို့ သက်ဆိုင်ရာကနေ သိရပါတယ်။