Home
မြန်မာသတင်း
ရေကျော်မှုကြောင့် ပိတ်ထားသည့် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းကို ပြန်ဖြတ်သန်းခွင့်ပြု
DVB
·
October 2, 2025
Photo: MFSD
Photo: MFSD
Photo: MFSD
Photo: MFSD
Photo: MFSD

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မကျဉ်းတိုင်းကျေးရွာအနီး ကြက်မောက်တောင်ဆည်ကနေ ရေကျော်လို့ အရေးပေါ်ပိတ်ထားခဲ့ရတဲ့ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းကို ပြန်လည်ဖြတ်သန်းခွင့် ပြုထားပြီလို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်က မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ မိုးသည်းထန် ရွာသွန်းမှုဒဏ်ကြောင့် ကြက်မောက်တောင်ဆည်ရေ လျှံကျလာပြီး မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်း မိုင်တိုင်အမှတ် ၅၁/၄-၇ အထိ အဆမတန် ရေကျော်လာတာကြောင့် ကားလမ်းကို ပိတ်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်းမှာ သက်ဆိုင်ရာက ပြန်လည်ဖြတ်သန်းခွင့် ပြုထားတာလို့ သိရပါတယ်။

တာဝန်ရှိသူတယောက်က “ကားတွေကို တဖက် တစီး လွှတ်ပေးတာပါ။ ကားတွေက အများကြီး ပိတ်နေတော့ လွှတ်ပေးတာ။ ရေက ကျော်နေတုန်းပဲ။ ရေအရှိန်တော့ မပါတော့ဘူး။ ကားအသေးလေးတွေပါ လွှတ်ပေးနေတယ်” လို့ ပြောပါတယ်။

ကားလမ်းကို ဖြတ်သန်းခွင့် ယာယီပိတ်ခဲ့တဲ့အတွက် ကုန်တင်ကားတွေ အပါအဝင် ကားအစီးရေ ၁၅၀ ကျော်လောက် ပိတ်ဆို့မှုဖြစ်ခဲ့ပြီး ယာဉ်တွေကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ပရဟိတအဖွဲ့တွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကူညီစောင့်ကြည့် လွှတ်ပေးနေတာလို့ သိရပါတယ်။

လမ်းအသုံးပြုတဲ့ ကားသမားတယောက်က “ကားတွေက မနည်းပိတ်ခဲ့တာ။ နောက်ကြောင်းပြန်လှည့်တဲ့ ကားတွေလည်း ရှိသလို လမ်းပေါ်မှာပဲ ညအိပ်ခဲ့ရတဲ့သူတွေလည်း ရှိတယ်။ ၃၀ ရက်နေ့ကတော့ ဖြတ်ကိုမမောင်းရဲတာ။ ဒီနေ့တော့ ရေကျော်နေပေမဲ့ အဆင်ပြေပါတယ်” လို့ ပြောပါတယ်။

ကျောင်းပန်းတောင်း-မိတ္ထီလာ ကားလမ်း ရေကျော်ခဲ့တဲ့အပြင် လမ်းဘေးတလျှောက်နဲ့ ဆည်အနီးက မြေနိမ့်ပိုင်းမှာရှိတဲ့ နေအိမ်တွေထဲပါ ရေဝင်ရောက်လို့ ဒေသခံတွေ အထပ်မြင့်နေရာတွေကို ပြောင်းရွှေ့နေခဲ့ရတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းမှာ ကားလမ်းပေါ် ရေ ၆ ပေလောက်အထိ မြင့်တက် ကျော်ကျခဲ့ပေမဲ့ အောက်တိုဘာ ၁ ရက် နေ့လယ်မှာ ၃ ပေကျော်လောက်သာ ရေကျော်တော့တယ်လို့ သိရပါတယ်။

အဲဒီ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဟာ မြင်းခြံ၊ ပုဂံ ညောင်ဦးဒေသက ပြည်သူတွေအတွက် အရေးပါတဲ့ လမ်းပိုင်းတခုဖြစ်ပြီး လက်ရှိ မိုးရွာသွန်းမှုအခြေအနေနဲ့ ဆည်ရေကျော်ကျမှု အခြေအနေကို စောင့်ကြည့်ပြီး ယာဉ်တွေကို ဖြတ်သန်းခွင့်ပြုပေးနေတာလို့ သိရပါတယ်။

လက်ရှိ အောက်တိုဘာ ၁ ရက် နေ့လယ်က ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်တခု စတင်ဖြစ်ပေါ်နေပြီး အဲဒီမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မန္တလေးတိုင်း အပါအဝင် ပြည်နယ်နဲ့ တိုင်းတချို့မှာ မိုးရွာသွန်းမှု အားကောင်းမယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသဌာနက အောက်တိုဘာ ၁ ရက် နေ့လယ် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024