
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ အသက် ၈ နှစ်အရွယ် မိန်းကလေးတယောက် လည်လှီးသတ်ဖြတ်ခံထားရတဲ့အလောင်းကို အောက်တိုဘာ ၂ ရက် မနက်ပိုင်းက တွေ့ရှိတယ်လို့ တအာင်းတပ်မတော် TNLA ဆီက သိရပါတယ်။
ကွတ်ခိုင်မြို့၊ ရပ်ကွက် ၈၊ ဂျပန်ကျောင်းကနေ ညနေကျောင်းဆင်းချိန်မှာ သတ်ခံရတာဖြစ်ပြီး မုဒိမ်းမှုကျူးလွန်ထားတာ ရှိ၊ မရှိကိုတော့ စစ်ဆေးနေဆဲလို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့မှာတာဝန်ကျနေတဲ့ TNLA ရဲဘော်တယောက်က “အသတ်ခံရတာ ဟုတ်တယ်။ လည်လှီးပြီးတော့ သတ်ခံရတယ်။ မုဒိမ်းကျင့်ပြီး သတ်ခံရတာ ဟုတ်လား၊ မဟုတ်လားဆိုတာတော့ အခုဆေးရုံကိုပို့ထားတယ် ဆေးစစ်နေတယ်။ ဆေးစစ်ပြီးမှပဲ အတည်ပြုနိုင်မယ်” လို့ DVB ကို ပြောပါတယ်။
ကလေးငယ်ရဲ့အလောင်းကို ကွတ်ခိုင် ဂေါက်ကွင်းနဲ့ ကွက်သစ်ကြားက ချုံပုတ်မှာ စွန့်ပစ်ထားတာကို တွေ့ရှိတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိသူဒေသခံတွေကတော့ ကလေးငယ်ရဲ့ နားကပ်ကို မတွေ့ရတာကြောင့် လုယက်သတ်ဖြတ်တာလို့ ယူဆရပြီး ဆေးစစ်ချက်ရလဒ်အရ မုဒိမ်းမှုမဟုတ်ဘူးလို့ ဆိုပါတယ်။
ပြစ်မှုကျူးလွန်သူကို စုံစမ်းနေဆဲဖြစ်တယ်လို့လည်း ဆိုပြီး ကလေးငယ်ကို စက်တင်ဘာ ၃ ရက် ညနေပိုင်းက ရှမ်းသုသာန်မှာ သင်္ဂြိုလ်ပြီးသွားပြီလို့ သိရပါတယ်။