
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ ကျေးရွာကို စစ်တပ်ဘက်က လနဲ့ချီပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေတာကြောင့် ခဲယမ်းမလုံလောက်တဲ့အတွက် စက်တင်ဘာ ၂၀ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဆုတ်ခွာပေးခဲ့ရတယ်လို့ ကလေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ကလေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ကျနော်တို့ဘက်က တိုက်ခိုက် သိမ်းပိုက် ရရှိထားတဲ့ ကလေးမြို့နယ်တောင်ပိုင်းက ကြံသာပျူရွာကို သူတို့ဘက်က လနဲ့ချီပြီးတော့ မကြာခဏ တိုက်ခိုက်လေ့ရှိတယ်။ ဒီတကြိမ်မှာတော့ ကျနော်တို့ဘက်က ခဲယမ်းမလုံလောက်တာကြောင့် ဆုတ်ခွာလာခဲ့ရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
CDF KKG နဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေဟာ အဆိုပါ ကြံသာပျူစောထီးကျေးရွာကို ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်မှာ သိမ်းပိုက်ရရှိခဲ့တာလို့လည်း ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တခုရဲ့ စစ်ကြောင်းမှူးတယောက်က “ကျနော်တို့ဘက်က ကြံသာရွာကို သိမ်းပိုက်ရရှိပြီးကတည်းက ဒုတိယဗိုလ်မှူးကြီးသိန်းဌေးအောင် ဦးဆောင်တဲ့အဖွဲ့က စစ်ကြောင်းထိုးနေတာ ၆ လဝန်းကျင်လောက် ရှိပြီ။ သူက ကလေးမြို့ အခြေစိုက် ဒကစ ကလို့ သိထားရတယ်။ အခုနောက်ဆုံး စစ်ကြောင်းထိုးတဲ့အခါ သူ့အဖွဲ့ထဲမှာ ခလရ ၈၉ နဲ့ ခလရ ၃၀၉ တို့နဲ့ ပေါင်းထိုးတာ။ အင်အား ၄၀၀ ကျော်၊ ၅၀၀ နီးပါးလောက် ပါလာတယ်။ တိုက်ပွဲတွေလည်း ဆက်တိုက်ဆက်တိုက်ပဲ။ တရက်တည်းကို ၂ ပွဲ၊ ၃ ပွဲလောက်အထိ။ လေကြောင်းတိုက်ခိုက်ခံရတာတွေလည်း ရှိခဲ့သေးတယ်။ အဲဒီလို ၆ လလောက် ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အခါမှာ ကျနော်တို့ဘက်က ခဲယမ်းမလုံလောက်တဲ့ပြဿနာ ပေါ်တယ်။ အဓိကကတော့ အဲဒီ ခဲယမ်းမလုံလောက်တဲ့အတွက် အခုလို ပြန်ဆုတ်ပေးခဲ့ရတာ ဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ အဆိုပါ ကြံသာပျူစောထီးကျေးရွာကို သိမ်းပိုက်ရရှိခဲ့တဲ့အချိန်က စပြီး အခု ပြန်ဆုတ်ပေးလိုက်ရတဲ့အချိန်အထိ ပျူစောထီးတွေရဲ့ လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တာ မရှိတဲ့အပြင် ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ယူဆောင်ခဲ့တာ မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။
အဲဒီ ကြံသာကျေးရွာကနေ ပြန်လည်မဆုတ်ခွာလာခင် စက်တင်ဘာ ၅ ရက်ကစလို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ KKG တပ်ရင်း ၇ ဘက်က တော်လှန်ရေးရဲဘော်တယောက် ကျဆုံးခဲ့သလို ရဲဘော်တယောက်လည်း အရှင်အဖမ်းခံရကာ ပြန်လည်ဆုတ်ခွာလာခဲ့ရတဲ့အတွက် လက်နက်နဲ့ ရိက္ခာတွေ ဆုံးရှုံးခဲ့ရသေးတယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။