
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံထားရသူတယောက်ဟာ ရဲကို ဓားနဲ့ထိုးပြီး လက်နက်ခဲယမ်းတွေ လုယူလာကာ စက်တင်ဘာ ၂၁ ရက်မှာ လာရောက်ပူးပေါင်းခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊ အမှတ် ၂၂ ဗျူဟာ၊ သာယာဝတီခရိုင် တပ်ရင်း ၁ ဆီကနေ သိရပါတယ်။
လာရောက်ပူးပေါင်းတဲ့သူဟာ နတ်တလင်းမြို့နယ်၊ ရွာသာယာရွာသား ကိုစိုင်းမြတ်ကို ဖြစ်တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၁ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“နတ်တလင်းမြို့ပေါ်က တောင်ညိုကွက်သစ်မှာ အလုပ်လာလုပ်ရင်း ၁၀ ရက်နေ့ကမှ ပေါ်တာဆွဲခံခဲ့ရပြီးတော့ တောင်ညိုကွက်သစ် ရဲစခန်းမှာ ထိန်းသိမ်းခံနေရတုန်း ရဲတွေကို အယုံသွင်းပြီး ညပိုင်း ရဲတွေတန်းစီချိန်မှာ သူနဲ့အတူရှိနေတဲ့ ရဲတယောက်ကို ဓားနဲ့ထိုး၊ လက်နက်ခဲယမ်းတွေယူပြီး ကျနော်တို့ဆီ ချိတ်ဆက်လာခဲ့တာ ဖြစ်ပါတယ်ဗျ။”
သာယာဝတီခရိုင် တပ်ရင်း ၁ ကို ပူးပေါင်းလာတဲ့ ကိုစိုင်းမြတ်ကိုနဲ့အတူ G3 သေနတ်တလက်၊ G3 ကျည် ၁၀ တောင့်နဲ့ ကျည်ဘောက်တခုတို့ ပါဝင်လာတာကြောင့် ဆုကြေးငွေ သိန်း ၂၀ ချီးမြှင့်ထားတယ်လို့လည်း ဆိုပါတယ်။
သာယာဝတီခရိုင် တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်မိုးကြိုးကြီးက “တာဝန်သိစိတ်နဲ့ သတ္တိကိုတော့ တကယ်ချီးကျူးရမယ့် ပုဂ္ဂိုလ်တယောက် ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့မိသားစုကို သူတို့နေထိုင်တဲ့ရွာကနေ ခေါ်ထုတ်လာပြီး ကျနော်တို့ စိုးမိုးနယ်မြေထဲမှာပဲ စိုက်ပျိုးရေးလုပ်ရင်း မိသားစုဘဝ ရပ်တည်သွားမယ်။ သူ့ဆန္ဒကတော့ ကျနော်တို့ဆီကဖွင့်တဲ့ စစ်သင်တန်းတွေတက်ပြီး စစ်တပ်ကို ပြန်တွန်းလှန်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ဘက်ကနေ စစ်မှုထမ်းဖို့ အတင်းအဓမ္မ ပေါ်တာဆွဲခံရတဲ့ လူငယ်တွေ အနေနဲ့လည်း စစ်အာဏာရှင်ရဲ့ အကျိုးစီးပွား ကာကွယ်ဖို့အတွက် အသုံးချခံ မဖြစ်ကြစေဘဲ ကိုစိုင်းမြတ်ကို ကို အတုယူပြီး အခွင့်ရေးရရင် ရသလို ပြုလုပ်ကာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပူးပေါင်းကြဖို့ ဗိုလ်မိုးကြိုးကြီးက တိုက်တွန်ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၉ ရက်ကလည်း နတ်တလင်းမြို့နယ်၊ ပျဉ်ပုံကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းအတွင်း မတရားဖမ်းဆီးခံရပြီး စစ်မှုထမ်းနေကြသူ ဧရာဝတီတိုင်းသားတွေ ဖြစ်ကြတဲ့ တပ်သား နိုင်ဝေလင်းနဲ့ တပ်သား ရာဇာမင်း တို့ဟာလည်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်းဆီကို လက်နက်ခဲယမ်းတွေတဲ့အတူ အလင်းဝင်ရောက်ခဲ့ကြပါသေးတယ်။