
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဇွန်လ ပထမအပတ်မှာ စစ်ကြောင်းထိုးပြီး ဇူလိုင် ၁၀ ရက်မှာ ပြန်ထွက်သွားခဲ့ပေမဲ့ ကျေးရွာတွေမှာ နင်းမိုင်းတွေ ထောင်ထားခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံ ရှင်းလင်းပေးနေကြရ ပါတယ်။
ယင်မာပင်မြို့နယ်က ကျေးရွာတွေကို စစ်တပ်ကအင်အားတွေဖြည့် စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် မိုင်းထောင်ထားခဲ့တာဖြစ်ပြီး လုံခြုံရေးအရ ကျေးရွာတွေရဲ့ နာမည်တွေကို ထုတ်မပြောကြပါဘူး။
မိုင်းရှင်းလင်းပေးနေတဲ့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “လက်ရှိ ထောင်ထားတဲ့ မိုင်းတွေကတော့ နင်းမိုင်းတွေ၊ စစ်ကောင်စီက ထုတ်လုပ်ထားတဲ့ မိုင်းတွေပေါ့။ ကျေးရွာတွေကို ဒေသခံတွေပြန်လည်မဝင်ရောက်ခင်မှာ အချိန်မီလိုက်လံရှင်းလင်းပေးနေတာ။ လူသွားလမ်းတွေ၊ ခြံစည်းရိုးတွေနဲ့ အိမ်အဝင်လမ်းတွေမှာ ထောင်ထားတာ” လို့ ပြောပါတယ်။
လက်ရှိ မိုင်းဖော်ပြီး စနက်တံဖြုတ်ထားတာတော့ ၄ လုံးရှိပြီလို့ ဆိုပါတယ်။
စစ်ကောင်စီက ကုန်းကြောင်းနဲ့ ရေကြောင်းကနေ ယင်းမာပင်ခရိုင်ထဲကို စစ်သားအင်အားတွေ ဖြည့်တည်းနေပြီး စစ်ကြောင်းတွေ ပြန်လည်ဆုတ်ခွာတဲ့အချိန်မှ ကျေးရွာတွေကို ပြန်လည်ဝင်ရောက်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားပါတယ်။