
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ် ထော်သာရွာက တောင်ကုန်းပေါ်မှာ အခိုင်အမာ တည်ဆောက်ထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်စခန်းတခုကို ဩဂုတ် ၁၅ ရက်မှာ တိုက်ခိုက် သိမ်းယူလိုက်တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ချင်းတွင်းမြစ် အရှေ့တောင်ဘက်ခြမ်း ကလေးဝ-မော်လိုက်-ဖောင်းပြင် ဗျူဟာလမ်းပေါ်မှာရှိတဲ့ ထော်သာတပ်စခန်းကို ဇူလိုင်လကုန်လောက်ကတည်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝိုင်းပတ်ပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်သားနဲ့ မိသားစုတွေ အပါဝင် သုံ့ပန်း ၂၀၀ ခန့် ဖမ်းမိခဲ့သလို လက်နက်ခဲယမ်း အမြောက်အမြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတပ်စခန်းဟာ မဟာဗျူဟာအရ အရေးပါတဲ့ တပ်စခန်း ဖြစ်တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ထော်သာစခန်းက ကလေးဝကို သွားတဲ့ဘက်မှာ ရှိတာ ဗျူဟာအရေးပါတယ်လို့ ပြောရမယ်။ အဲဒီစခန်းကနေ ချင်းတွင်းမြစ် အရှေ့ခြမ်းက ရွာတွေကို စစ်ကြောင်းထိုးတာ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်လေ့ရှိတယ်။ အခုက ထော်သာခန်းက ရသွားပြီဆိုတော့ တောင်ဘက်ခြမ်းက လမ်းပွင့်သွားတယ်လို့ ပြောလို့ရတယ်။ အဲတကြောမှာ တောင်းအင် တပ်စခန်းတခုတော့ ကျန်သေးတယ်။ အဲဒါပါ ရလိုက်ရင် ဖောင်းပြင်အထိက လမ်းပွင့်သွားပြီလို့ ပြောလို့ရတယ်။”
ထော်သာစခန်းကို တိုက်ခိုက်ချိန်အတွင်းမှာလည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက် တိုက်ခိုက်သလို မြေပြင်ကနေလည်း စစ်ကူလာတဲ့ စစ်ကြောင်းနဲ့လည်း ဩဂုတ် ၁၈ ရက် မနေ့ကအထိ နှစ်ဖက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
မော်လိုက်မြို့ အရှေ့ခြမ်းမှာ ထော်သာရွာ စခန်းအပါဝင် ထော်သာရွာရဲ့ ၄ မိုင်အကွာက တောင်းအင်ရွာမှာလည်း စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်စခန်းတခုသာ ကျန်ရှိတော့တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။