
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင် ဒေသခံတွေကို ကိုးကန့်တပ် (MNDAA) က အခု ဩဂုတ်လ ၇ ရက်ကစလို့ ရှမ်းပြည်နယ် အထူးဒေသ ၁ ဒေသခံ မှတ်ပုံတင်ကတ်ပြား စတင် ပြုလုပ်ပေးနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတယောက်က "ဒေသခံထောင်ချီ လုပ်နေကြတယ်။ အခု လောလောဆယ် စာရင်းထည့်ထားပြီး မှတ်ပုံတင် လာရွေးတဲ့နေ့ကျရင် တရုတ်ငွေ ယွမ် ၃၀ နဲ့ ရွေးရမယ်လို့ သိရတယ်။ ကျနော်တို့ ရပ်ကွက်ကလူတွေတောင် အယောက် ၆၀၀ လောက် ရှိပြီလို့ သိရတယ်။" လို့ ပြောပါတယ်။
အိမ်ထောင်စု စာရင်း စာအုပ်ပြုလုပ်ပေးတာမျိုးတော့ မကြားရပေမဲ့ သန်းခေါင်စာရင်း ကောက်တဲ့ ပုံစံ စာရင်းသွားသွင်းရပြီး လောလောဆယ်ထိ မှတ်ပုံတင်ရရှိ ထုတ်ယူလာသူတော့ မရှိသေးဘူးလို့ သူက ပြောပါတယ်။
မှတ်ပုံတင်က အားလုံးကို လုပ်ပေးပါတယ်။ လုပ်ချင်တဲ့ သူတွေ လာလုပ်လို့ ရတယ်လို့ ပြောတယ်။ အိမ်ထောင်စုတော့ မလုပ်ပေးသေးဘူး။ ကျနော်တို့ ရပ်ကွက်မှာတော့ နာမည် စာရင်းပဲ ကောက်သေးတယ်။
အိမ်ထောင်စု အရင်လုပ်ပေးပြီးမှ မှတ်ပုံတင် လုပ်ပေးမယ့် ပုံစံတွေ့ရပြီး မှတ်ပုံတင် လာလုပ်နေတဲ့သူတွေ ပြောတာက တရုတ်ဘက်လည်းဝင်လို့ ရတယ်လို့ ပြောနေကြတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက် မနက် ၉ နာရီကစ ကွတ်ခိုင် ဒေသခံ လူမျိုး၊ ဘာသာ မရွေး မြန်မာ မှတ်ပုံတင်၊ အိမ်ထောင်စု ယူလာပြီး ကွတ်ခိုင်မြို့ရှိ မုန်းဝန်းခန်းမမှာ ရှမ်းပြည်နယ် အထူးဒေသ ၁ ဒေသခံ မှတ်ပုံတင်ကတ် ပြုလုပ်ပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ အိမ်ထောင်စုစာအုပ်နဲ့ ဒေသခံ မှတ်ပုံတင်ကတ်ပြားရှိသူတွေ အနေနဲ့ MNDAA ထိန်းချုပ်ဒေသရှိ တရုတ်ဘက်ခြမ်း နယ်စပ်ဂိတ်မှာ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် သွားရောက် လျှောက်ယူလို့ ရတယ်လို့ မုံးကိုး ဒေသခံတွေက ပြောပါတယ်။
MNDAA ထိန်းချုပ်နယ်မြေက ဒေသခံမဟုတ်ပဲ လာရောက်နေထိုင်၊ အလုပ်လုပ်လိုပါက ဒေသခံ တယောက်ယောက်က အာမခံ ထောက်ခံပေးပြီး နေထိုင်ခွင့်ကတ်လုပ်လို့ရတယ်လို့ ကွမ်းလုံမြို့မှာ ဆိုင်ဖွင့်ထားသူတယောက်က ပြောပါတယ်။
MNDAA ဘက်ကတော့ သူတို့ ထိန်းချုပ်ထားတဲ့ ဒေသက ဒေသခံ မဟုတ်ပါက သူတို့ ထိန်းချုပ် နယ်မြေမှာ တရုတ်ငွေ ယွမ် ၅ သိန်းနဲ့ အထက် ရင်းနှီးမြုပ်နှံထားသူတွေ၊ ပိုင်ဆိုင်မှုရှိသူတွေ၊ သူတို့ရဲ့ ဌာနဆိုင်ရာ ရုံးတွေနဲ့ စစ်မှု နှစ်ချီ ထမ်းဆောင်နေသူတွေ ဒေသခံ အဖြစ် လျှောက်ထားခွင့်ရှိကြောင်း အသိပေး ကြေညာထားပါတယ်။