
အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို လူထုနည်း လူထုအားနဲ့ အစွမ်းကုန် ဆန့်ကျင်တွန်းလှန် တိုက်ဖျက်သွားဖို့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ပြောကြားလိုက်ပါတယ်။
လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက “အာဏာသိမ်းစစ်အုပ်စုက သူ့ရဲ့ ထွက်ပေါက်အဖြစ် အာဏာသိမ်း စစ်အုပ်မှသည် အမည်ခံ အရပ်သား ရွေးကောက်ခံအစိုးရ ဆိုပြီးတော့ အတင်းအဓမ္မ ကြိုးစားနေတာဖြစ်တယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့ကတော့ ရှင်းပါတယ်။ ဒီရွေးကောက်ပွဲအတုသည် ကျနော်တို့ မြန်မာ့နိုင်ငံရေး ပြဿနာရဲ့ အဖြေထွက်ပေါက် မဟုတ်နိုင်ရုံသာမက လုံးဝထောင်ချောက်ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဒီရွေးကောက်ပွဲကို လူထုနည်း လူထုအားနဲ့ အစွမ်းကုန် ဆန့်ကျင်တွန်းလှန်တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်တဲ့ မြို့ပေါ်လူထုတိုက်ပွဲလှုပ်ရှားမှုတခုကို မန္တလေးမြို့လယ်မှာ ပြုလုပ်ခဲ့တယ်လို့ မြို့ပြသပိတ်အင်အားစုတွေက ထုတ်ပြန်ပါတယ်။
“သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” “ဖက်ဆစ်ရွေးကောက် (--) ထွက်ပေါက် . . . မဲမပေးနဲ့ သပိတ်မှောက်” စတဲ့ စာတန်းပါ စာရွက်တွေကို မြို့လယ်နေရာတွေနဲ့ လူစည်ကားရာနေရာတွေမှာ ကြဲချခဲ့ကြတာကို တွေ့မြင်ရပါတယ်။
စစ်တပ်နဲ့ ပျူလက်ပါးစေတွေ သောင်းကျန်းတာ၊ စစ်မှုထမ်းခေါင်းစဉ်နဲ့ အတင်းအဓမ္မ ဖမ်းဆီး ငွေညှစ်တာတွေကို ဆက်တိုက် ကြုံတွေ့ရင်ဆိုင်နေကြရတဲ့ မန္တလေးပြည်သူတွေက စစ်တပ်နဲ့ အာဏာသိမ်း စစ်အုပ်စုအပေါ် နာကြည်းမုန်းတီးတဲ့အပြင် စစ်တပ်ကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင် ရွံမုန်းနေကြာင်း ပြသနေတယ်လို့ ဆိုထားပါတယ်။
စစ်တပ်ကတော့ ရွေးကောက်ပွဲပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်မှာဖြစ်တယ်လို့ ကြေညာထားပြီး မဲစာရင်းတွေ လာရောက်စစ်ဆေးကြဖို့ကိုလည်း လိုက်လံနှိုးဆော်နေပါတယ်။
စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေနဲ့ အရပ်ဖက်အဖွဲ့တွေက ဆန့်ကျင်နေကြတာလည်း ဖြစ်ပါတယ်။