Home
နိုင်ငံတကာ
နိုင်ဂျီးရီးယား ရေနံသမဂ္ဂက ပြည်လုံးကျွတ်သပိတ် စတင် 
DVB
·
October 3, 2025
Photo: Reuters

ဒန်ကိုတေ ရေနံချက်စက်ရုံက ဝန်ထမ်း အယောက် ၈၀၀ ကျော်ကို ထုတ်ပယ်ပြီးတဲ့နောက် နိုင်ငံတဝန်း ဆန္ဒပြတောင်းဆိုမှုကြောင့် နိုင်ဂျီးရီးယား ရေနံလုပ်ငန်းနဲ့ နိုင်ငံပိုင် ရေနံကုမ္ပဏီရုံးတွေကို ပိတ်ပစ်ခဲ့တယ်လို့ သမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။

စက်တင်ဘာ ၂၉ ရက်မှာ စတဲ့ သပိတ်ဟာ အာဖရိကရဲ့ ထိပ်တန်း ရေနံထုတ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံမှာ တင်းမာမှုတွေ တိုးလာပြီး ရေနံမြေလုပ်ငန်းတွေကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်၊ တခြားသမဂ္ဂတွေပါ ပူးပေါင်းလာရင် လောင်စာဆီ ပြတ်လပ်နိုင်တယ်လို့ လေ့လာသူတွေက သတိပေးပါတယ်။

တရက်ကို ရေနံစိမ်းစည်ပေါင်း ၆ သိန်းခွဲထွက်တဲ့ ပုဂ္ဂလိကပိုင် ဒန်ကိုတေ ရေနံချက်စက်ရုံက အလုပ်သမားတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က သမဂ္ဂဖွဲ့စည်းမှုအတွက် ကြာသပတေးနေ့မှာ အလုပ်ထုတ်ခံခဲ့ရတယ်လို့ နိုင်ဂျီးရီးယား ရေနံနဲ့ သဘာဝဓာတ်ငွေ့ အကြီးတန်း ဝန်ထမ်းအဖွဲ့ PENGASSAN က ပြောပါတယ်။

ဒန်ဂိုတေ ရေနံချက်စက်ရုံက တာဝန်ရှိသူတွေကတော့ အလုပ်ထုတ်တာဟာ ဝန်ထမ်းပြန်လည်ဖွဲ့စည်းမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ပြောရင်း အလုပ်ထုတ်ခံရသူတွေကို အဖျက်အမှောင့် လုပ်သူတွေလို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့မှာ အစိုးရတာဝန်ရှိသူတွေက ကြားဝင်ဖျန်ဖြေပေးတဲ့ ဆွေးနွေးပွဲတွေက အငြင်းပွားမှုကို မဖြေရှင်းနိုင်ခဲ့ပါဘူး။

ဘဏ္ဍာရေးဝန်ကြီး အဒ်ဒေဘေးယို အိုလာဝါလေအဒ္ဒန်က “ဒီလုပ်ဆောင်ချက်ကြောင့် စီးပွားရေးပျက်စီးမှုကို ကန့်သတ်ဖို့ လိုတယ်၊ အဲဒါကို ထိန်းချုပ်ဖို့၊ ဖြေရှင်းဖို့ လိုတယ်၊ အလုပ်သမားတွေ အလုပ်ပြန်လုပ်ဖို့ လိုတယ်” လို့ ပြောပါတယ်။

PENGASSAN ဥက္ကဋ္ဌ ဖက်စ်တပ်စ် အိုဆိုင်ဖှိုက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေရဲ့ စားဝတ်နေရေးက အဓိကအကျဆုံးဖြစ်ပြီး ဖောက်ပြန်သူတွေလို့ တံဆိပ်ကပ်ခံရတာက နိုင်ဂျီးရီးယားနိုင်ငံက တခြားနေရာတွေမှာ အလုပ်ရှာဖို့ မဖြစ်နိုင်လုနီးပါး ဖြစ်စေတယ်လို့ ပြောပါတယ်။

စွမ်းအင်ရှေ့နေ အေယိုဒဲလ်အိုးနီက ဒီအငြင်းပွားမှုဟာ နိုင်ဂျီးရီးယားရဲ့ ပုဂ္ဂလိကကဏ္ဍက အဓိက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အလုပ်သမား အခွင့်အရေးတွေကို ကာကွယ်ခြင်းကြားက တင်းမာမှုတွေကို မီးမောင်းထိုးပြနေတယ်လို့ ပြောပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်နေသလို အပယ်ခံနိုင်ငံအဖြစ် မသတ်မှတ်တာ သေချာအောင်လုပ်ဖို့ လိုပါတယ်လို့ ရှေ့နေ အေယိုဒဲလ်အိုးနီက ဆက်ပြောပါတယ်။

အာဖရိကရဲ့ အချမ်းသာဆုံးသူဌေး အာလီကို ဒန်ဂိုတေ ပိုင်ဆိုင်တဲ့ ရေနံချက်စက်ရုံဟာ အခုနှစ်မှာ စတင်လည်ပတ်ခဲ့ပြီး နိုင်ဂျီးရီးယားရဲ့ လောင်စာဆီ တင်သွင်းမှုအတွက် ကစားကွက် ပြောင်းပေးသူအဖြစ် အမွှမ်းတင်ခံထားရပါတယ်။

ဒီအငြင်းပွားမှုဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေပြီး နိုင်ဂျီးရီးယား ပုဂ္ဂလိကကဏ္ဍက အလုပ်သမားတွေကို အကာအကွယ်ပေးရေးဆိုင်ရာ မေးခွန်းတွေ ထွက်ပေါ်လာစေခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013