
နိုင်ဂျီးရီးယားနိုင်ငံရဲ့ ကာကွယ်ရေးနဲ့ ထောက်လှမ်းရေးအေဂျင်စီတွေ ညှိနှိုင်းဆောင်ရွက်ပြီးနောက် ပိုက်လိုင်းခိုးယူမှု အားလုံးနီးပါးကို နှိမ်နင်းလိုက်ပြီလို့ နိုင်ငံပိုင် ရေနံကုမ္ပဏီ NNPC လီမိတက်က သြဂုတ် ၂၅ ရက်မှာ ပြောပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်က ရေနံဆီ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းလောက်သာ ပိုက်လိုင်းတချို့ကတဆင့် နိုင်ဂျီးရီးယား ပို့ကုန်ဂိတ်တွေဆီ ပေးပို့ရောက်ရှိခဲ့တာကြောင့် အစိုးရက ဝင်ငွေ ဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုကို ရွှေ့ဆိုင်းဖို့ ဖြစ်ခဲ့ရတယ်လို့ နိုင်ဂျီးရီးယား အမျိုးသား ရေနံကော်ပိုရေးရှင်း (NNPC) အဖွဲ့ရဲ့ မန်နေဂျင်းဒါရိုက်တာ ဘာယို အိုဂျူလာရီက အဘူဂျာရှိ ဒေသတွင်းလုံခြုံရေးဖိုရမ်မှာ ပြောပါတယ်။
အခုတော့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ ပံ့ပိုးမှုတွေကြောင့် ပြီးပြည့်စုံတဲ့ ၁၀၀ ရာခိုင်နှုန်းနီးပါးကို ရနေပါပြီလို့လည်း ဆိုပါတယ်။
တရားမဝင်ကုန်သွယ်မှုဟာ ဒေသဆိုင်ရာ ပြဿနာမျှသာမဟုတ်ဘဲ နိုင်ငံတော်နဲ့ ဒေသဆိုင်ရာ လုံခြုံရေးမူဘောင်တွေရဲ့ အားနည်းချက်တွေကို အခွင့်ကောင်းယူ အသုံးချနေတဲ့ ခေတ်မီ နိုင်ငံတကာ အစုအဖွဲ့တွေလည်း ပါဝင်နေတာကြောင့် နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ ထောက်လှမ်းရေး အေဂျင်စီတွေပါ ပါဝင်လာရကြောင်း အိုဂျူလာရီက ပြောပါတယ်။
နိုင်ငံရဲ့ ရေနံအခြေခံအဆောက်အအုံ အများစုတည်ရှိရာ အထူးသဖြင့် နိုင်ဂျာ မြစ်ဝကျွန်းပေါ် ဒေသအတွင်း လုံခြုံရေးကို မြှင့်တင်ထားကြောင်း အိုဂျူလာရီက ပြောပါတယ်။
Source: Reuters


