
နိုင်ဂျီးရီးယားနိုင်ငံ ကာဒူနာပြည်နယ်မှာ ကျန်းမာရေးဝန်ထမ်းတွေဟာ ဩဂုတ် ၁၈ ရက်က မျောက်ကျောက်ရောဂါ (Mpox) အဖြစ်များဆုံး နေရာမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးဖို့ အထူးရည်ရွယ်ပြီး စီစဉ်ထားတဲ့ လှုပ်ရှားမှုတခုမှာ မျောက်ကျောက်ရောဂါကာကွယ်ဆေးကို စတင်ထိုးနှံပေးခဲ့ပါတယ်။
ကာဒူနာပြည်နယ်ရှိ ဒေသန္တရ အစိုးရနယ်မြေ အများအပြားမှာ Mpox ဖြစ်ပွားမှု သိသိသာသာ များပြားလာပြီးနောက်မှာ အာဏာပိုင်တွေက အန္တရာယ်အများဆုံး ရပ်ရွာ ၇ ခုမှာ ကာကွယ်ဆေးထိုး လှုပ်ရှားမှုကို စတင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးတဲ့နေရာမှာ ဒေသခံတွေဟာ ဆေးထိုးခံကြဖို့ တန်းစီစောင့်နေကြပြီး လူအများအပြားကတော့ ရောဂါကာကွယ်ဆေး ရရှိနိုင်မှုအပေါ် စိတ်သက်သာရာရကြောင်း ထုတ်ဖော်ပြောဆိုကြပါတယ်။
ဒေသခံပြည်သူတွေကတော့ ဒီရောဂါရဲ့ အန္တရာယ်ကို မသိကြတာကြောင့် ကာကွယ်ဆေးထိုးနှံခြင်းရဲ့ အရေးကြီးပုံကို အသိပညာပေးရာမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
ဒါကြောင့် ဒီပြဿနာတွေကို နားလည်နိုင်အောင် အမြဲတမ်း စည်းရုံးပြောဆိုနေရတယ်လို့ ရောဂါ စောင့်ကြည့်ရေးအရာရှိ ဆာအဒါတူ ဆူလေမန်က ပြောပါတယ်။
ကာကွယ်ဆေးကို ၂ ကြိမ် ထိုးရမယ့် အစီအစဉ်အတိုင်း ထိုးနှံနေပြီး၊ ပထမဆုံးအကြိမ်ကို ဆယ်ရက်ကြာ ဆောင်ရွက်မှာဖြစ်ပြီးတော့ ဒုတိယအကြိမ်ကို သီတင်း ၄ ပတ်ကြာပြီးမှ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
အရင်က မျောက်ကျောက်ရောဂါလို့ လူသိများခဲ့တဲ့ Mpox ဟာ ၁၉၇၀ ပြည့်နှစ်တွေ ကတည်းက အာဖရိကရဲ့ နေရာအစိတ်အပိုင်းတွေမှာ ဖြစ်ပွားခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ချိန်မှာတော့ ကမ္ဘာက အာရုံစိုက်လာခဲ့ပါတယ်။
ကာဒူနာ ကာကွယ်ဆေးထိုးလှုပ်ရှားမှုဟာ မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဖို့နဲ့ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ကူးစက်မှုကို ကာကွယ်ဖို့ ပိုကျယ်ပြန့်တဲ့ အမျိုးသားမဟာဗျူဟာရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
Source: Reuters