Home
မြန်မာသတင်း
ဘားအံတွင် မဲစာရင်းပြုစုရာ၌ စစ်ရှောင်နှင့် အိမ်ငှား နေထိုင်သူများ ဖိအားပေးခံရ
DVB
·
October 2, 2025

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲကို စစ်ရှောင်ပြည်သူတွေနဲ့ အိမ်ငှားနေထိုင်သူတွေပါ မဲပေးနိုင်ရေး မဲစာရင်းပြုစုရာမှာ ငွေကြေးကုန်ကျတာ၊ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက ဖိအားပေးတာတွေ ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီက လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပသွားမှာဖြစ်ပြီး ကရင်ပြည်နယ်မှာတော့ ဘားအံ၊ မြဝတီနဲ့ သံတောင်ကြီး မြို့နယ် ၃ ခုမှာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဘားအံမြို့မှာ ၆ လနဲ့အထက် နေထိုင်နေတဲ့ စစ်ရှောင်တွေနဲ့ အိမ်ငှားနေထိုင်သူတွေပါ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

မဲပေးနိုင်ရေး မဲစာရင်းပြုစုရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေအတွက် ကုန်ကျငွေကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မသွားရောက်လိုပေမဲ့ ခြိမ်းခြောက်ခံမှာကို စိုးရိမ်ပြီး  သွားရောက်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ရှောင်တယောက်က “အိမ်ငှားနဲ့ စစ်ရှောင်တွေကို လူကြီးက အိမ်ထောင်စုရှိတဲ့လူတွေ ရုံးကို သွားရမယ်လို့ ပြောတယ်။ အိမ်ထောင်စုပဲ ယူလာလို့ ပြောပြီး ဟိုရောက်တော့လည်း အိမ်ထောင်စု တခုတည်းနဲ့ မပြီးဘူး။ ဧည့်စာရင်းစာအုပ်တွေ၊ မှတ်ပုံတင်တွေ၊ ပြန်လိုက် သွားလိုက်နဲ့ တက္ကစီခလည်း ကုန်တယ်။ အိမ်ကိုလည်း  ၂ ခေါက် ၃ ခေါက် ပြန်ရတာဆိုတော့ အကုန်အကျတွေ ပိုများတယ်။ သူတို့က တခါတည်း ဘာတွေ ဘာတွေ ယူခဲ့လို့ အဲလိုလည်း သေချာမပြောဘူး။  မသွားဘဲနေလို့လည်း ကျမတို့က မဖြစ်ဘူး။ ကျမတို့က အိမ်ငှားနေရတယ်။ နောက်ကျ သူတို့က ဘာဖြစ်လို့မသွားလဲ၊ ဘာဖြစ်လို့မလာလဲ ဆိုလို့ရှိရင် သူတို့က လာပြီးတော့ မေးမှာလည်း ကြောက်တယ်လေ။ ကျမတို့က အိမ်ငှားနေရတော့ စိတ်ပူရတာပေါ့။ ဖိအားပေးမှာတွေ ခြိမ်းခြောက်မှာတွေ ကြောက်တာပေါ့” လို့ ပြောပါတယ်။

မဲစာရင်းပြုစုရာမှာ စာရွက်စာတမ်း မိတ္တူကူးခ၊ ဆိုင်ကယ်တက္ကစီခ အပါအဝင် လူတယောက်ကို အနည်းဆုံး ၁၅,၀၀၀ ကျပ်နီးပါး ကုန်ကျတယ်လို့ ကိုယ်တိုင်သွားရောက်ခဲ့သူတွေက ပြောပါတယ်။

ဒါ့အပြင် အစ္စလာမ်နဲ့ တမီလ်တွေကိုလည်း မှတ်ပုံတင် ပြုလုပ်ပေးမယ်လို့ ပြောဆိုပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲစာရင်းပြုစုပြီး မဲပေးခွင့်ရသူတွေကို  မဲစာရင်းကြေညာတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “နာမည်နဲ့ သန်းခေါင်စာရင်း ကောက်တယ်။ မှတ်ပုံတင်လုပ်ပေးမယ်၊ လာကြပါဆိုပြီး ခေါ်ပြီး စာရင်းကောက်တယ်။ အဲဒီမှာ မှတ်ပုံတင်ရှိတဲ့သူနဲ့ မရှိတဲ့သူကို ရွေးချယ်ပြီး မှတ်ပုံတင်ရှိတဲ့သူကို သန်းခေါင်စာရင်း ကောက်လိုက်တယ်။ ပြီးမှ စာရွက်ကပ်လိုက်တယ်။ ပြောသံကြားတာက တကယ်လို့ ရုံးမှာကပ်တဲ့ စာရွက်မှာ ကိုယ်ပိုင်နံပါတ်နဲ့ ကိုယ်ပိုင်မှတ်ပုံတင် ရှိတဲ့သူမှ မဲထည့်ပိုင်ခွင့်ရှိမယ်။ အဲဒီ သန်းခေါင်စာရင်းမှာ မှတ်ပုံတင်ရှိတဲ့ လူတွေပဲ မဲထည့်ဖို့။ မှတ်ပုံတင်မရှိတဲ့သူတွေကိုတော့ အရေးမယူ(ဂရုမစိုက်)ကြဘူး” လို့ ပြောပါတယ်။

မဲစာရင်းပြုစုရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေအတွက် ငွေကုန်ကျတာ၊ မဲပေးနိုင်ရေး မဖြစ်ဖြစ်အောင် ဖိအားပေးတာတွေကြောင့် လူထုတွေမှာ အခက်အခဲတွေရှိတယ်လို့ မြို့မိမြို့ဖ တယောက်က ပြောပါတယ်။

“ငွေကြေးကုန်ကျမှုတွေ ရှိတယ်။ မဖြစ်သင့်ဘူး။ Pressure မပေးသင့်ဘူး။ လူထုပဲလေ။ လူထုကို အခြေပြုပြီးတော့မှ သွားတာကို။ မဖြစ်ဖြစ်အောင် Pressure ပေးတာ။ အခက်အခဲက ရှိတာပေါ့။ စားဖို့တောင် အကြိတ်အနယ်ပဲလေ။ တိုလီမုတ်စက အများကြီးထိတယ်။ ဟိုအရင်တည်းက ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးက သူတို့ကိစ္စမှ မဟုတ်ဘဲ။ သူတို့လုပ်ချင်တာကို သူတို့လုပ်နေတာ။ အခုက ပြည်သူလူထုက မိတ္တူဆွဲခတို့ ဘာတို့ ညာတို့ အကုန်လုံး။ အမှန်ကတော့ ဒါတွေ သူတို့လုပ်မယ်ဆိုရင် ရပ်ကွက်ရုံးမှာ မိတ္တူစက်ရှိရင် ဆွဲပေးလိုက်ပေါ့။ အဲလိုဆွဲပြီးလည်း ရန်ပုံငွေကောက်တာပဲ။ ပိုက်ဆံကတော့ ကုန်တယ်။ သူတို့ဖြစ်ချင်တဲ့ ဆန္ဒပဲ သူတို့ တွန်းအားပေးသွားတာကို။ လူထုမှာ ကုန်တယ်။ စားစရာ ရှိတာ မရှိတာ သူ့အလုပ်မဟုတ်ဘူးလေ။ အဲလိုဖြစ်နေတာ။ အကုန်လုံး ဒုက္ခ သုတ်ခနဲ့။”

ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ စစ်ကောင်စီပြုလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင်ကြောင်း ထုတ်ပြန်ထားပြီး ရွေးကောက်ပွဲဖြစ်မြောက်အောင် ပူးပေါင်းဆောင်ရွက်သူတွေကိုလည်း စောင့်ကြည့်အရေးယူသွားမယ်လို့ ပြောဆိုထားပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၁ ကို ကရင်ပြည်နယ်အတွင်းက လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်မြို့နယ် ၄ ခုမှာ ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။ 

အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024