Home
မြန်မာသတင်း
ဘားအံမှ မြဝတီကို ကုန်စည်တင်ပို့ရာတွင် ထောက်ခံစာယူနေရ
DVB
·
September 18, 2025

ကရင်ပြည်နယ်၊ ဘားအံမြို့ကနေ မြဝတီမြို့ကို ပြည်တွင်းထွက် ဆန်နဲ့ ကုန်စည်တင်ပို့ရာမှာ  စစ်ကောင်စီ လက်အောက်ခံ ကရင်ပြည်နယ်အစိုးရရဲ့ ထောက်ခံစာရယူပြီးမှ တင်ပို့ခွင့်ရှိတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

စစ်တပ်က နယ်စပ်ကနေ တရားမဝင် ကုန်စည်တင်သွင်းမှုတွေကို တားဆီးလိုက်ပြီးတဲ့နောက်မှာ နယ်စပ်လမ်းကြောင်းတွေအပြင် ရေကြောင်းကနေ ဝင်ရောက်လာမယ့် စားသောက်ကုန်၊ လူသုံးကုန် အပါအဝင် ကုန်စည် ၃၅ မျိုးတည်းက အများစုကို ပိတ်ပင်ခဲ့ပါတယ်။

လက်ရှိမှာလည်း ဘားအံမြို့ကနေ ပြည်တွင်းထွက် ဆန်နဲ့ ကုန်စည်တွေကို မြဝတီမြို့ကို တင်ပို့ရာမှာ စစ်ကောင်စီ လက်အောက်ခံ ကရင်ပြည်နယ်အစိုးရရဲ့ ထောက်ခံစာ ရယူပြီးမှ တင်ပို့ခွင့်ရှိတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သည်တယောက်က “ပြည်နယ်အစိုးရကနေ ဆန်တို့ ဘာတို့ အောက်ကတက်လာတဲ့ စားကုန်တွေ ရန်ကုန်ဘက်ကနေ မြဝတီဘက်ကို တက်မယ့် စားသောက်ကုန်ပစ္စည်းတွေဆိုရင် ပြည်နယ်မှာ ထောက်ခံစာယူရတယ်။ နောက်ပြီးတော့ အလုပ်ရှုပ်တယ်။ တော်ရုံတန်ရုံ ယူဖို့လည်း မလွယ်ကူဘူးလို့တော့ ပြောတာပဲ။ မြဝတီဒေသခံတွေကတော့ ဒီလိုပဲ ကြားဖြတ်တွေ သယ်လာတဲ့ဟာတွေ ဘာတွေ ဒီလိုပဲ သုံးပြီး သွားနေတာပေါ့။ လက်ရှိတော့ အများကြီးနဲ့ အောက်ကနေ တက်လာတာတွေတော့ မရှိဘူး” လို့ ပြောပါတယ်။

ဒ့ါအပြင်  ဩဂုတ် ၁၈ ရက်ကစပြီး မြန်မာ-ထိုင်းနယ်စပ် အမှတ် ၂ တံတားကို မြန်မာဘက်ခြမ်းက စတင်ပိတ်လိုက်တာကြောင့် ထိုင်းကုန်စည်တင်ယာဉ် ၆၀၀ ကျော် ပိတ်မိနေပါတယ်။

လက်ရှိမှာလည်း ပြည်တွင်းထွက် ကုန်မျိုးစုံကို တင်ပို့မရတာကြောင့် ကုန်သည်တွေနဲ့ ကုန်တင်ယာဉ်မောင်းတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့မိမြို့ဖတွေက ပြောပါတယ်။

ဘားအံမြို့ခံတယောက်က “တနေ့က ရန်ကုန်ကထုတ်တဲ့ ပြည်တွင်းအချိုရည် အဲဒီအချိုရည်က ဘားအံပဲ ရောက်တယ်။ မြဝတီကို ဆက်တက်လို့မရဘူး။ အခု ရန်ကုန်ကထုတ်တဲ့ အချိုရည်တောင်မှ အဲဒီထုတ်တဲ့ကုမ္ပဏီက သူထုတ်တာ မှန်ကန်ကြောင်း ထောက်ခံစာ လိုတယ်တဲ့။ အဲဒီထောက်ခံစာရမှ အကောက်ခွန်ကို သွားပြတယ်။ အကောက်ခွန်က အစိုးရအဖွဲ့ကို ပြန်တင်ပြလား မသိဘူး၊ အဲဒီပုံစံမျိုး။ မြဝတီတက်ဖို့ အချိုရည်တို့ ကုန်မျိုးစုံပေါ့။ ပို့လို့မရတော့ ကုန်သည်တွေ ကားဆရာတွေ တိုင်ပတ်တာပေါ့။  အခက်အခဲတွေ ဖြစ်တာပေါ့။ ကုန်ပစ္စည်းတခုက မြဝတီကို လျင်လျင်မြန်မြန် ချောချောမွေ့မွေ့ ရှောရှောရှူရှူ မရောက်တော့ဘူးပေါ့။  အဆင့်ဆင့် ဖြတ်သန်းနေရတယ်။ အဲဒီလိုမျိုး” လို့ ပြောပါတယ်။

ပြည်တွင်းထွက်ကုန်စည်တွေ တင်ပို့ရာမှာ ပြည်နယ်အစိုးရရဲ့ ထောက်ခံစာ ရယူရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီခန့် ကရင်ပြည်နယ် စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို DVB က ဆက်သွယ်မေးမြန်းရာမှာ အစည်းအဝေး ပြုလုပ်နေတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

နယ်စပ်ဒေသတွေမှာ တရားမဝင်ကုန်သွယ်မှုတွေကို တိုက်ဖျက်တာဟာ လက်နက်ကိုင်အကြမ်းဖက်မှုတွေကို လျော့ကျလာစေမှာဖြစ်ပြီး အဲဒီဒေသက လက်နက်ကိုင်အဖွဲ့တွေ တရားမဝင်ကုန်စည် တင်သွင်းမှုတွေကနေ ကောက်ခံရရှိတဲ့ ဝင်ငွေက တဆင့် အင်အားတည်ဆောက်လာနိုင်တဲ့အတွက် တရားမဝင်ကုန်သွယ်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်သွားဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၁၂ ရက်က ပြောပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013