မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ ၈ ထပ်ရေတံခွန်ကနေ ပြုတ်ကျတဲ့အထဲက နောက်ဆုံးကျန်နေတဲ့ အမျိုးသမီးတယောက်ရဲ့ အလောင်းကို အောက်တိုဘာ ၁ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ ရှာတွေ့ခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
ရေတံခွန် ၃ ထပ်ရဲ့ အောက်ဘက်ချိုင့်ဂလိုင်ထဲကနေ မွန်းလွဲ ၁ နာရီခွဲမှာ တွေ့ရှိဆယ်တင်နိုင်ခဲ့တာဖြစ်ပြီး မြန်မာအမျိုးသမီးဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ လူမှုကူညီရေးအသင်း (မန္တလေး)၊ စေတနာမွန် လူမှုကူညီရေးအသင်း(အုန်းချော)၊ မြန်မာနိုင်ငံမီးသတ် (ပြင်ဦးလွင်) တို့ ပူးပေါင်းရှာဖွေခဲ့ကြတာလို့လည်း သိရပါတယ်။
ပြင်ဦးလွင်မြို့နယ်၊ အုန်းနှဲရေအရှေ့ကျေးရွာအနီးမှာရှိတဲ့ နာမည်ကျော် ၈ ထပ်ရေတံခွန်ကို စက်တင်ဘာ ၂၉ ရက် ညနေပိုင်းမှာ ကိုယ်ပိုင်ကျောင်းတခုက ဆရာ၊ ဆရာမတွေ ပါဝင်တဲ့ ၁၄ ယောက်အဖွဲ့ လာရောက်ရေကစားတုန်း တောင်ကျရေ ရုတ်တရက်ကျလာတဲ့အတွက် ၅ ယောက်ဟာ ရေတံခွန်အောက် ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် မီးသတ်၊ လူမှုကူညီရေးအသင်းတွေနဲ့ ပရဟိတအဖွဲ့တွေဝိုင်းဝန်းရှာဖွေခဲ့ကြလို့ ဒဏ်ရာရထားတဲ့ ရုရှားနိုင်ငံသားတယောက်နဲ့ အမျိုးသမီး ရုပ်အလောင်း ၂ လောင်းကို ပြန်တွေ့ခဲ့ပြီး စက်တင်ဘာ ၃၀ ရက် မနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ အမေရိကန်နိုင်ငံသူတယောက်ရဲ့ ရုပ်အလောင်းကို ၃ ထပ်အဆင့်မှာ ပြန်တွေ့ခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။
အသက် ၂၅ နှစ်အရွယ် အမေရိကန်နိုင်ငံသူဟာ ကိုယ်ပိုင်ကျောင်းတခုမှာ အလုပ်လုပ်နေတဲ့သူဖြစ်ပြီး ပထမနေ့က ရုပ်အလောင်းရှာတွေ့ခဲ့တဲ့ အမျိုးသမီး ၂ ယောက်ထဲမှာ တယောက်က မြန်မာနိုင်ငံသားဖြစ်ပြီး ကျန်တယောက်က နိုင်ငံခြားသားဖြစ်ပေမဲ့ နိုင်ငံကို အတည်မပြုနိုင်သေးဘူးလို့ ကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့တဲ့ ရုရှားနိုင်ငံသားအမျိုးသားကတော့ ခြေထောက်ကျိုးတဲ့ ဒဏ်ရာရခဲ့ပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။