
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်က ၈ ထပ်ရေတံခွန်မှာ ရေကစားရင်း လူ ၅ ယောက် ပြုတ်ကျခဲ့လို့ အမျိုးသမီး ၂ ယောက် သေဆုံးပြီး ရုရှားနိုင်ငံသားတယောက်ကို ဒဏ်ရာနဲ့ ရှာတွေ့ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းရုံးဆီက သိရပါတယ်။
စက်တင်ဘာ ၂၉ ရက် မနေ့ညနေ ၃ နာရီခွဲလောက်မှာ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ အုန်းနှဲရေအရှေ့ရွာက ၈ ထပ်ရေတံခွန်တောင်ကို လူ ၁၄ ယောက် သွားရောက်ရေကစားကြပြီး ၅ ယောက်ဟာ ၃ ထပ်ရေတံခွန်ကို ပြုတ်ကျခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒါကြောင့် ကယ်ဆယ်ရေးပြုလုပ်ရာ ညနေ ၅ နာရီမှာ ရုရှားနိုင်ငံသားတယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ပြီး ညနေ ၆ နာရီမှာတော့ သေဆုံးနေတဲ့ အမျိုးသမီး ၂ ယောက်ရဲ့ အလောင်းကို ရှာဖွေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တောင်ကျရေကြောင့် ရေစီးနဲ့မျောပါခဲ့တာဖြစ်ပြီး အသက် ၄၃ နှစ်အရွယ် ရုရှားနိုင်ငံသားမှာ ညာခြေကျိုးသွားတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းရုံးက ထုတ်ပြန်ထားပါတယ်။
သေဆုံးသူ အမျိုးသမီး ၂ ယောက်ရဲ့ အလောင်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ပုသိမ်ကြီးမြို့နယ် - စေတနာမွန်လူမှုကူညီရေးအဖွဲ့ (အုန်းချော) ရဲ့ကားနဲ့၊ ဒဏ်ရာရသူကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပုသိမ်ကြီးမြို့နယ် - ထာဝရလူမှုကယ်ဆယ်ရေးအဖွဲ့) အသင်းကားနဲ့ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။