
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နားမှာ ဇူလိုင် ၁၂ ရက် ဒီနေ့မနက် ၁၁ နာရီ ၄၃ မိနစ်လောက်က အင်အားရစ်ချ်တာစကေး ၄ အဆင့်ရှိတဲ့ ငလျင်တခုလှုပ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုလှုပ်ခဲ့တာဖြစ်ပြီး မြေငလျင်တိုင်းတာစက်တွေနဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ်မူတည်ပြီးတော့ ငလျင်အင်အားပမာဏနည်းနည်းကွာနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကတော့ မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက် ၅ မိုင်လောက်အကွာမှာ မြေအောက်အနက် ၂၉ ကီလိုမီတာကို ဗဟိုပြုပြီး ၃ ဒသမ ၅ ရစ်ချ်တာစကေးနဲ့ ငလျင်လှုပ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၁ ရက် မနေ့ မွန်းလွဲပိုင်း ၃ နာရီ ၄၂ မိနစ်ကလည်း ပဲခူးတိုင်း၊ ဖြူးမြို့ရဲ့ အနောက်မြောက်ဘက် ၁၇ ကီလိုမီတာအကွာ၊ ညောင်ခြေထောက်မြို့နားမှာ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၄ အဆင့်ငလျင်တခု၊ ညနေ ၅ နာရီ ၅၉ မိနစ်လောက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရဲ့ အရှေ့မြောက်ဘက် ၈၄ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၄ အဆင့် ငလျင်တခုလှုပ်ခဲ့ပါသေးတယ်။