
မန္တလေးတိုင်းထဲမှာ ဇွန် ၁၀ ရက် ဒီမနက်ပိုင်းက ငလျင် ၂ ကြိမ်လှုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)နဲ့ စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
ဒီမနက် အစောပိုင်း ၃ နာရီ ၃၁ မိနစ်က ကျောက်ဆည်မြို့ရဲ့တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့် အင်အားအတော်အသင့်ရှိတဲ့ ငလျင်တခုလှုပ်ခဲ့တယ်လို့ MOHADM က ထုတ်ပြန်ပြီး မြေငလျင်တိုင်းတာစက်တွေနဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ်မူတည်လို့ ငလျင်အင်အားပမာဏ နည်းနည်းကွာနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကတော့ နွားထိုးကြီးမြို့ရဲ့ အရှေ့မြောက်ဘက် ၃ မိုင်လောက်အကွာ၊ အနက် ၁၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၁ ရှိတဲ့ ငလျင်လှုပ်တယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးတော့ ဒီမနက် ၆ နာရီ ၁၂ မှာလည်း မတ္တရာမြို့ရဲ့ အနောက်တောင်ဘက် ၈ မိုင်လောက်အကွာ အနက် ၁၂ ကီလိုမီတာကနေ အင်အား ၃ ဒသမ ၂ ရှိတဲ့ ငလျင်တခု လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီငလျင်တွေဟာ မတ် ၂၈ ရက်က လှုပ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲတွေဖြစ်ပြီး မနေ့ကလည်း ရခိုင်ပြည်နယ်၊ သံတွဲမြို့နား ရခိုင်ရိုးမပေါ်မှာ အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၉ ရှိတဲ့ ငလျင်တခု လှုပ်ခဲ့ပါသေးတယ်။