
ရခိုင်ပြည်နယ် သံတွဲမြို့အနီး၊ ရခိုင်ရိုးမပေါ်မှာ ဇွန် ၉ ရက် ဒီမနက်က ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့်ရှိတဲ့ ငလျင်တခုလှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မနက် ၉ နာရီ၄၄ မိနစ်အချိန်လောက်က သံတွဲမြို့အနီး၊ ဧရာဝတီတိုင်း မြန်အောင်မြို့ရဲ့ အနောက်ဘက် ၇၆ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၅၀ ကီလိုမီတာကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီ မိုးလေဝသဌာနကတော့ ဂွမြေငလျင်စခန်းရဲ့ အရှေ့မြောက်ဘက် မိုင် ၉၀ လောက်အကွာ၊ ပြည်မြို့ရဲ့အနောက်ဘက် ၁၁ မိုင်လောက်အကွာ၊ အနက် ၇၇ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၅ ရှိတဲ့ ငလျင်တခုလှုပ်ခဲ့တယ်လို့ဆိုပြီး အင်အား အနည်းငယ်လို့ပဲ သုံးနှုန်းထားပါတယ်။
နေရာနဲ့ အနက်ဗဟိုချက် ကွဲလွဲကြပြီး ထိုင်းမိုးလေဝသဌာနတွေကတော့ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဆုံရာနေရာနားမှာ လှုပ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ကြတာကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်က ပိုပြီး နီးစပ်ပါတယ်။
ဇွန် ၇ ရက်နေ့ မနက် ၁၀ နာရီကလည်း ပဲခူးတိုင်း၊ ပဲခူးမြို့နားမှာ ရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ပါသေးတယ်။