Home
မြန်မာသတင်း
အိန္ဒိယ-ရခိုင် ကုန်သွယ်မှုလမ်းကြောင်း ပိတ်ဆို့နေသဖြင့် ရခိုင်တွင် ကုန်ဈေးနှုန်းမြင့်တက်
DVB
·
June 4, 2025

ရခိုင်နဲ့ ချင်းပြည်နယ်မှာ မေ ၂၅ ရက်ကတည်းက မိုးအဆက်မပြတ်ရွာသွန်းပြီး လောင်တလိုင်- ပလက်ဝ လမ်းကြောင်းမှာ တောင်ပြိုတာကြောင့် ကုန်တင်ကား အစီးရေ  ရာနဲ့ချီပိတ်မိနေကာ ကုန်ဈေးနှုန်း ၂ ဆနီးပါး မြင့်တက်နေတယ်လို့ မြောက်ဦးကုန်သည်တယောက်က ပြောပါတယ်။

“ရခိုင်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် အိန္ဒိယဘက်က ကုန်စည်တွေ လုံးဝ မရောက်ဘူး။ ကုန်စည်တွေ မရောက်တာ တပတ်လောက်ရှိပြီ။ ရခိုင်ဘက်မှာလည်း ကုန်စည်တွေ ပြတ်တောက်စပြုနေပြီတော့ ကုန်ဈေးနှုန်းတွေကတော့ အရင်ကထက် နှစ်ဆနီးပါး မြင့်တက်နေတယ်။ အဓိကတော့ ကုန်စည်တွေ အဝင်လုံးဝမရှိတာကြောင့် ဈေးနှုန်းတွေက မြင့်တက်သွားတာဖြစ်တယ်။”

ရခိုင်ပြည်နယ်က AA ထိန်းချုပ်မြို့နယ်တွေမှာ ပြီးခဲ့တဲ့အပတ်က စားသုံးဆီတလီတာကို ကျပ်ငွေ ၉,၀၀၀၊ ကြက်သွန် တပိဿာကို ကျပ်ငွေ ၉,၀၀၀၊ ငရုတ်သီးတပိဿာကို ကျပ်ငွေ ၂၀,၀၀၀၊ စက်သုံးဆီတလီတာကို ကျပ်ငွေ ၈,၀၀၀ ရှိခဲ့ရာကနေ အခုအပတ်မှာ စားသုံးဆီ တလီတာကို ကျပ်ငွေ ၁၃,၀၀၀၊ ကြက်သွန် တပိဿာကို ကျပ်ငွေ ၁၇,၀၀၀၊ ငရုတ်သီးတပိဿာကို ကျပ်ငွေ ၂၈,၀၀၀၊ စက်သုံးဆီ တလီတာကို ကျပ်ငွေ ၁၄,၀၀၀ အထိ ဈေးနှုန်းမြင့်တက်သွားပြီး တခြားကုန်စည်တွေလည်း အနည်းဆုံး ကျပ်ငွေ ၅,၀၀၀ ခန့် ဈေးနှုန်းမြင့်တက်သွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ကုန်သည်တွေဟာ ရခိုင်ဘက်ကို လာလို့မရကြဘဲ လမ်းမှာ ပိတ်မိနေကြတယ်လို့ အိန္ဒိယရောက် ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။

“လမ်းတွေက အပိုင်းလိုက် အပိုင်းလိုက် တောင်ပြိုပြီးတော့ လမ်းပိတ်နေတယ်။ ကားတွေ ဘယ်လိုမှ သွားလို့မရဘူး။ နယ်စပ်ဘက်ရောက်သွားတဲ့ ကုန်သည်တွေကလည်း ရေစီးသန်လို့ တယောက်မှ မသွားရဲဘူး။ ပြီးခဲ့တဲ့ မေလ ၃၀ နေ့ကလည်း ရှင်းလက်ဝအနီးမှာ စက်လှေ ၁၀ စီး နစ်မြုပ်သွားပြီးတော့ ကုန်သည်တဦးလည်း သေသွားတယ်။ လောင်တလိုင်-ပလက်ဝ လမ်းကြောင်းမှာ ပိတ်မိနေတဲ့ ရခိုင်ကုန်သည်တွေ ရာနဲ့ချီရှိတယ်။ တချို့ကုန်သည်တွေဆိုရင် ရေစီးနဲ့အတူ ကုန်စည်တွေ မျောပါသွားလို့ ဆုံးရှုံးမှုတွေ များတယ်။”

ပြီးခဲ့တဲ့ မေ ၃၀ ရက်က အိန္ဒိယဘက်က ကုန်စည်တွေ တင်ဆောင်လာတဲ့ စက်လှေ ၁၀ စင်း နစ်မြုပ်ခဲ့ပြီး ပလက်ဝမြို့ခံ ကုန်သည်တယောက် သေဆုံးခဲ့သလို ကျပ်ငွေ သိန်းထောင်နဲ့ချီ ဆုံးရှုံးမှုတွေ ရှိကြတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စဖြစ်ကတည်းက စစ်ကောင်စီက ကုန်သွယ်မှုအားလုံးကို ပိတ်ဆို့ထားတာကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က ကုန်စည်တွေကို အားထားနေကြရတာ ဖြစ်ပါတယ်။

ရခိုင်နဲ့ ချင်းမှာ မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ တောင်ကုတ်၊ မောင်တော အပါဝင် မြို့နယ် ၇ ခုထက်မနည်းမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပွားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013