
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ထဲက ၈ ထပ်ရေတံခွန်မှာ စက်တင်ဘာ ၂၉ ရက် ညနေပိုင်း ရေစီးနဲ့ မျောပါပြီး ရေတံခွန်အောက် ပြုတ်ကျသွားထဲ လူ ၅ ယောက်ထဲက အမေရိကန်နိုင်ငံသူတယောက်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ထပ်မံတွေ့ရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
အဲဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် လူမှုကူညီရေးအသင်းတွေနဲ့ ပရဟိတအဖွဲ့တွေ ဝိုင်းဝန်းရှာဖွေခဲ့ကြလို့ ဒဏ်ရာရထားတဲ့ ရုရှားနိုင်ငံသားတယောက်နဲ့ အမျိုးသမီး ရုပ်အလောင်း ၂ လောင်းကို ပြန်တွေ့ခဲ့ပြီး ဒီကနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ အမေရိကန်နိုင်ငံသူတယောက်ရဲ့ ရုပ်အလောင်းကို ၃ ထပ်အဆင့်မှာ ပြန်တွေ့ခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတယောက်က DVB ကို ပြောပါတယ်။
“၃ ထပ်ရေတံခွန်ရဲ့ အောက်ပိုင်းလောက်မှာ မ တဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံသူပေါ့၊ ရုပ်အလောင်းအကောင်းတိုင်းပါပဲ။”
လက်ရှိမှာ ပျောက်ဆုံးနေသူ အမျိုးသမီး တယောက်ကျန်နေပြီး ရာသီဥတုအခြေအနေအရ ဒီကနေ့အတွက် ရှာဖွေမှုတွေကို ရပ်နားထားတယ်လို့လည်း တာဝန်ရှိသူက ဆိုပါတယ်။
မနေ့က ရုပ်အလောင်း ရှာတွေ့ခဲ့တဲ့ အမျိုးသမီး ၂ ယောက်ထဲမှာ တယောက်က မြန်မာနိုင်ငံသားဖြစ်ပြီး ကျန်တယောက်က နိုင်ငံခြားသားဖြစ်ပေမဲ့ နိုင်ငံကို အတည်မပြုနိုင်သေးဘူးလို့ ကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတယောက်က “တယောက်ကတော့ နိုင်ငံခြားသူဗျ၊ တယောက်ကတော့ မြန်မာနိုင်ငံသူပါ။ နိုင်ငံခြားသူကိုတော့ နိုင်ငံကိုတော့ အတည်ပြုလို့မရသေးလို့ မသိသေးဘူးပေါ့နော်” လို့ DVB ကို ပြောပါတယ်။
အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့တဲ့ ရုရှားနိုင်ငံသားအမျိုးသားကတော့ ခြေထောက်ကျိုးတဲ့ ဒဏ်ရာရခဲ့ရှိခဲ့ပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။
ဒီကနေ့ ပြန်တွေ့ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် အမေရိကန်နိုင်ငံသူဟာ ကိုယ်ပိုင်ကျောင်းတခုမှာ အလုပ်လုပ်နေတဲ့သူဖြစ်ပြီး ကျန်နေတဲ့ တယောက်ကိုလည်း မနက်ဖြန်မှာ ဆက်လက်ရှာဖွေဦးမယ်လို့ သိရပါတယ်။
ဓာတ်ပုံ - မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး)