Home
ဆောင်းပါး
ရွှေသမင်တကောင်ကို ဗေဒါရီနဲ့အတူ စောင့်ကြည့်ခြင်း
DVB
·
October 1, 2025

( ၁ )

ကျနော်က နော်ဝေနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် လျှောက်ခဲ့ဖူးပါတယ်။ အဲသလို နေထိုင်ခွင့် လျှောက်ထားသူ နိုင်ငံစုံက လူမျိုးခြားတချို့နဲ့ ခြောက်လလောက် အတူတူနေခဲ့ဖူးတယ်။ နော်ဝေမှာ အမြဲတမ်းနေထိုင်ခွင့် လျှောက်ကြသူတွေကို နော်ဝေအစိုးရက နေထိုင်ခွင့် ပြု/ မပြု အဖြေ‌စောင့်နေတဲ့အချိန် အစိုးရက ယာယီနေထိုင်ဖို့ နေရာသတ်မှတ်ပြီး တိုက်ခန်းတွေ ပေးပါတယ်။ ထမင်းလည်းကျွေး၊ အသုံးစရိတ်လည်း ပေးတယ်။ ဒါ့အပြင် ကျနော်တို့ နေထိုင်ရမယ့်စခန်းကို ရောက်တယ်ဆိုရင်ပဲ စခန်းတာဝန်ရှိသူတွေက အားပေးစကားတွေပြောပြီး နှစ်သိမ့်ကြပါတယ်။ ပြီးတော့ ကျနော်တို့ရဲ့ ကိုယ်အတိုင်းအထွာတွေလည်း တိုင်းပါတယ်။ ခြေထောက်ကအစ တိုင်းထွာကြတာပါ။ တနာရီလောက်ကြာတော့ ကျနော်တို့အတွက် ကျောမှာလွယ်ယူလို့ရတဲ့ အိတ်ကြီး တအိတ်စီရယ်၊ ကျနော်တို့နေရမယ့် တိုက်ခန်းသော့ရယ်၊ အသုံးစရိတ်တချို့ရယ် လာပေးတော့တာပါပဲ။ ကိုယ်နေရမယ့်အခန်း ရောက်လို့ လွယ်လာတဲ့အိတ်ကြီးကိုဖွင့်ကြည့်တော့ အကျီအဝတ်အစား‌အသစ်တွေ ဖိနပ်တွေ ဦးထုပ်နဲ့ အနွေးထည်ကအစ။ ဖိနပ်ဆိုရင် နွေစီးဖိနပ်၊ ဆောင်းစီးဖိနပ် အခန်းထဲမှာ စီးရမယ့်ဖိနပ် အသစ်တွေ။ တကယ့်ကို ပြည့်ပြည့်စုံစုံ တွေ့ရတော့တာပါပဲ။

အဲဒီ ယာယီစခန်းမှာ သုံးလလောက် နေခဲ့ရပါတယ်။ ဒီခစန်းမှာ ကျနော်လို နော်ဝေမှာ အမြဲတမ်း နေထိုင်ခွင့်လျှောက်ထားသူ လူမျိုးစုံ တရာကျော်လောက် ရှိပါတယ်။ ဒီတုန်းက ဘောစနီးယားမှာ စစ်ဖြစ်နေတော့ မွတ်စလင်ဘောစနီးယားတွေလည်း ရှိပါတယ်။ အရှေ့အလယ်ပိုင်းက အီရန်၊ ပါလက်စတိုင်း၊ ဂျော်ဒန်၊ ဆီးရီးယားတွေလည်း ရှိပါတယ်။ အာဖရိကက အီသီယိုးပီးယား၊ ဆိုမာလီယာ၊ ပြီးတော့ တောင်အမေရိကက ပီးရူး၊ ဘိုလစ်ဗီးယား အာဂျင်တီးနား။ အထူးသဖြင့် စစ်ဖြစ်နေတဲ့နေရာတွေနဲ့ အာဏာရှင်နိုင်ငံက လာကြရသူတွေပါ။ ကျနော်က ဓာတ်ပုံရိုက်ဝါသနာပါသူ ဖြစ်တာမို့ အဲဒီစခန်းမှာ စခန်းတာဝန်ရှိသူတွေကအစ ဘဝတူအားလုံးနဲ့ ခင်မင်ခဲ့ရပါတယ်။ အထူးသဖြင့် အီသီယိုပီးယားက ဓာတ်ပုံရိုက်ဝါသနာပါသူ အသက် ၂၀ ကျော်အရွယ် မိန်းကလေး ကိုကိုးဗီ၊ အီရန် မိသားစု စသဖြင့် ဘယ်သွားသွား ဘယ်လာလာ တော်တော်အတွဲညီခဲ့ပါတယ်။ 

ကျနော်တို့ နေရတဲ့စခန်းက တနာရီနီးပါး ခြေလျင်သွားရင် ရောက်တဲ့နေရာမှာ အော့စကတ် (Aurskog) လို့ခေါ်တဲ့ မြို့ကလေးတမြို့ ရှိပါတယ်။ ဘတ်စ်ကားနဲ့သွားရင်လည်း ရပါတယ်။ ဘတ်စ်ကားက နာရီဝက်တစီး အချိန်မှန်မှန်လာပါတယ်။ ကျနော်တို့စခန်းက လူတွေက အဲဒီမြို့ကလေးကို ခြေလျင်သွားတတ်ကြပါတယ်။ လမ်းကလည်း ကောင်း၊ တလမ်းလုံး သစ်ပင် ပန်းပင်တွေနဲ့ သာယာတဲ့ ကားလမ်းပါ။ ကျနော်လည်း အဲဒီမြို့ကလေးကို ခြေလျင်ပဲ သွားတာများတယ်။ တလမ်းလုံး ဓာတ်ပုံရိုက်ပါတယ်။ 

ပြီးတော့ အဲဒီ အော့စကတ်မြို့ကလေးမှာ ပန်းခြံတခုရှိပြီး ပန်းခြံရဲ့အလယ်မှာ စာရွက်ညှပ်ကိရိယာ Paper clip လို ကျောက်တိုင်ကြီးတခု စိုက်ထောင်ထားပါတယ်။ လူတွေ အပန်းဖြေဖို့ စားပွဲ ကုလားထိုင်လေးတွေ လူသွားလမ်းကလေးတွေ ပန်းပင်တွေ ဈေးဆိုင်လေးတွေ ရှိပါတယ်။ စာရွက်ညှပ်တဲ့ ကလစ်လို မြေကြီးမှာ စိုက်ထောင်ထားတဲ့ ကျောက်တိုင် ဆိုတာက ဥရောပမှာ စာရွက်ညှပ်တဲ့ကိရိယာ paper clip ကို စတင်တီထွင်သူ ယွန် ဗီလာ Johan Vaaler က အဲဒီမြို့သားဖြစ်တာမို့ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ အဲဒီရုပ်တုကြီး စိုက်ထူထားတာပါ။ ဒါကြောင့်မို့ ကျနော်က အော့စကတ် ကို ခဏခဏသွားတတ်ပါတယ်။

( ၂ )

အဲဒီနေ့က ရာသီဥတုက တော်‌တော်သာယာပါတယ်။ ဒီတခေါက် အော့စကတ် ကိုသွားတော့ အီသီယိုပီးယားသူလေး ကိုကိုးဗီ လည်း ပါလာပါတယ်။ ကိုကိုဗီက ကပ္ပလီလေးဖြစ်ပေမဲ့ မျက်ခုံး၊ မျက်လုံး၊ ခန္ဓာကိုယ် တော်တော်လှပါတယ်။ အသားအရေကလည်း မည်းမှောင်နေတာမျိုးမဟုတ်ဘဲ အနည်းငယ်ဖြူပါတယ်။ သူက မွတ်ဆလင်ဘာသာဝင်ဖြစ်တာမို့ ခေါင်းစီးတော့ ပတ်ထားပါတယ်။ အဲဒီနေ့က ကိုကိုးဗီက သူလည်း လမ်းမှာ ဓာတ်ပုံရိုက်မယ်ဆိုပြီး ကျနော်တို့နှစ်ယောက် စကားတပြောပြောနဲ့ အော့စကတ်ကို လမ်းလျှောက်သွားကြတာပါ။

နာရီဝက်လောက် လျှောက်လာတော့ ကားကလေး လေးစီး လမ်းဘေးကပ် တန်းစီရပ်ထားတာ တွေ့ရပါတယ်။ ကျနော်တို့က စကားတွေ တဖောင် ပြောလာကြရင်းက ရှေ့ဆုံးကားထဲက လူတယောက် ခေါင်းပြူထွက်လာပြီး စကားမပြောဖို့ ပါးစပ်မှာ လက်ညှိုးကပ်ပြီးပြပါတယ်။ ကျနော်တို့နှစ်ယောက်လည်း အဲဒီကြမှ ကားလေးစီး အသံမထွက်ဘဲ ငြိမ်ရပ်ထားတာကို ပိုပြီး သတိပြုမိကြတာပါ။ ကားခေါင်းထဲက ခေါင်းပြူပြီး ထွက်လာသူကပဲ ကားရှေ့ကို လက်ညှိုးထိုးပြပြီး အသံမပေးဖို့ လက်နဲ့ ပါးစပ်ကပ်ပြပါတယ်။

ကျနော်တို့နှစ်ယောက် လမ်းသွားတာရပ်ပြီး ရှေ့ကိုကြည့်တော့ လမ်းလယ်ကောင်မှာ သမင်ဖိုကြီးတကောင် ချိုကြီးထောင်ပြီး ကျနော်တို့ဘက် လှည့်ကြည့်နေတာ တွေ့လိုက်ရပါတယ်။ ပြီးတော့မှ လှပခံ့ညားတဲ့ သမင်ဖိုကြီးက လမ်းဘေးတောအုပ်ထဲ ခပ်ဖြည်းဖြည်းပဲ ဆင်းသွားပါတော့တယ်။

အဲဒီအခါကျမှ မဆင်မခြင် သတိလက်လွတ် စကားတဖောင်ဖောင် ပြောလာမိတဲ့ ကျနော်တို့နှစ်ယောက် ကားတွေကို လက်ဟန်ခြေဟန်နဲ့ တောင်းပန်ရပါတော့တယ်။ ရပ်ထားတဲ့ ကားတွေလည်း စက်ကိုယ်စီနှိုးပြီး ခရီးဆက်ကြပါတော့တယ်။

နော်ဝေလူမျိုးတွေဟာ တောရိုင်းတိရစ္ဆာန်တွေကို ချစ်ကြတာ ဘေးမဲ့‌ပေးထားကြတာ လမ်းမှာတွေ့ရင် လန့်သွားမှာစိုးရိမ်လို့ အသံမပြုဘဲ သည်းခံပြီး စောင့်ပေးကြတာ ကြားပဲကြားဖူးပေမဲ့ အဲဒီကျမှ လက်တွေ့ ကြုံရတာပါပဲ။

ကျနော်နဲ့ ကိုကိုးဗီက လမ်းမအလယ် တည်တည်ငြိမ်ငြိမ် ဣန္ဒြေရရ ချိုကြီးထောင်ပြီး ရပ်နေတဲ့ သမင်ဖိုကြီးကို ဓာတ်ပုံရိုက်ချင်ပေမဲ့ ကျနော်တို့က လှုပ်လှုပ်ရှားရှားလုပ်ရင် သမင်ဖိုကြီး လန့်သွားမှာစိုးလို့ ဓာတ်ပုံ မရိုက်လိုက်ရပါဘူး။

အဲဒီနေ့က အော့စကတ်ကိုအသွား ကျနော်က ကိုကိုးဗီကို မြန်မာ့ပုံပြင်တပုဒ် ပြောပြပါတယ်။ တခါတုန်းက တောအုပ်တခုထဲမှာ ရသေ့ကြီးတပါးမှာ ဗေဒါရီ လို့ခေါ်တဲ့ သမီးလေးတယောက် ရှိတဲ့အကြောင်း၊ ဗေဒါရီဟာ အဲဒီတောထဲမှာ အဖော်မရှိတော့ သမင်လေးတွေကို အဖော်ပြုတဲ့အကြောင်း၊ သမင်ကလေးတွေနဲ့ ရေခပ်ဆင်းရ ကစားရတဲ့အကြောင်း ပြောပြတော့ ကိုကိုးဗီခမျာ တအံ့တဩနဲ့ စိတ်ဝင်တစား နားထောင်ပါတယ်။ ပြီးတော့မှ သူ့ကို ကိုကိုးဗီ လို့ မခေါ်တော့ဘဲ ဗေဒါရီလို့ နာမည်ပြောင်း ‌ခေါ်တော့မယ့်အကြောင်း ကျနော် ပြောလိုက်တော့ ကိုကိုးဗီခမျာ ထခုန်မတတ် ဝမ်းသာပြီး အော်ဟစ်ရယ်မောပါတော့တယ်။

( ၃ )

“ငြိမ်း ဟိုနေ့က မင်း ဓာတ်ပုံသွားမရိုက်ဘူးလား” ကျနော်က စခန်းတာဝန်ခံ အမျိုးသမီးကြီးကို တစုံတရာ နားမလည်သလိုမျက်နှာနဲ့ ပြန်ကြည့်သည်။

“မရိုက်ပါဘူး။ ဟိုတနေ့ကပဲ ကျနော် အော့စ်ကတ်ကိုအသွား သမင်တကောင် မြင်ဖူးခဲ့တာပဲ။ မရိုက်ချင်တော့လို့ပါ။”

“အဲဒါက သမင်တကောင်ထဲ မင်း မြင်ခဲ့ရတာ ခုဟာက အကောင်ရေ တထောင်ကျော်လောက် တနေကုန် ကားလမ်းဖြတ်မောင်းတာလေ။”

“ဗျာ တထောင်ကျော် ဟုတ်လား”

“ဟုတ်တယ်၊ သမင်အကောင်ရေ တထောင်ကျော် ဖြတ်မောင်းသွားတာ၊ ခြောက်လမှ တခါလောက် တွေ့ရတတ်တာကွ၊ မင်း ဓာတ်ပုံသွားရိုက်သင့်တယ်လို့ ငါ ထင်တယ်။”

ကျနော် မည်သို့မျှ မတတ်နိုင်တော့ပါ။ အခါအခွင့်ကောင်းတခု လက်လွှတ်လိုက်ရပြီ။ အဲဒီအခါကျမှ နော်ဝေနိုင်ငံရဲ့ စိတ်ဝင်စားပြီး ထူးခြားတဲ့ သမင်မွေးမြူရေးအကြောင်း ကျနော် ပြန်တွေးမိလာပါတယ်။

နော်ဝေနိုင်ငံမှာ သမင်မွေးမြူရေးလုပ်ငန်း ရှိပါတယ်။ တနိုင်ငံလုံး သမင်အကောင်ရေ နှစ်သိန်းကျော် မွေးမြူထားတယ်လို့ ဆိုပါတယ်။

နော်ဝေမှာ သမင်မွေးမြူရေးဟာ စာမိ (Sami) လိုခေါ်တဲ့ လူမျိုးစု‌တခုက အဓိကမွေးမြူကြတာပါ။ စာမိတွေက သမင်မွေးမြူရေးကို သူတို့ရဲ့ ရိုးရာလုပ်ငန်းသဘောထားပြီး လုပ်ကြတာပါ။ ကျနော်တို့ မြေလတ်ဒေသက လူတွေ ဆိတ် တို့၊ သိုးတို့ မွေးတဲ့သဘောပါ။

ဒါပေမဲ့ စာမိတွေရဲ့ သမင်မွေးမြူရေးက ထူးခြားတယ်။ နွေရာသီမှာ နော်ဝေနိုင်ငံတောင်ပိုင်းကို ထောင်သောင်းချီတဲ့ သမင်တွေ မောင်းချလာကြပြီး လူနေကျဲပါးတဲ့ တောတောင်တွေမှာ ဒီအတိုင်း လွှတ်ကျောင်းကြပါတယ်။ ဆောင်းရာသီရောက်တော့ မြောက်ပိုင်းကို ရွှေ့ကြပါတယ်။

တခါတခါ သမင်တွေ နေရာရွှေ့ပြီဆိုရင် ထောင်နဲ့သောင်းနဲ့ချီပြီး မောင်းကြ ရွှေ့ကြတာမို့ တနေကုန် ကားလမ်းပေါ်  ဖြတ်ကြရပါတယ်။

ဒီလို လမ်းဖြတ်ကူးတဲ့ သမင်တွေ အရမ်းများတာမို့ ကြုံခဲတာမို့ ဓာတ်ပုံသွားရိုက်သင့်တယ်လို့ စခန်းတာဝန်ခံက ကျနော့်ကို ပြောတာပါ။

နော်ဝေနိုင်ငံမှာ တိုင်းရင်းသား စာမိတွေရဲ့ သမင်မွေးမြူရေးအလုပ်ကို အစိုးရက ရိုးရာယဉ်ကျေးမှု အလုပ်သဘောနဲ့ ဥပဒေပြဋ္ဌာန်းပြီးမှ ကူညီစောင့်ရှောက်ထား အားပေးထားတာပါ။ နော်ဝေမှာ သမင်အကောင်ရေများများ မွေးမြူတဲ့အလုပ်ကို စာမိလူမျိုးစုကလွဲ ဘယ်သူမှ မွေးခွင့်မရှိပါဘူး။ 

တကယ်တော့ ကြုံတောင့်ကြုံခဲ ဓာတ်ပုံရိုက်ရမယ့် အခွင့်အရေးတခုကို ကျနော် လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ သဘောမို့ ကိုယ့်ကိုယ်ကိုယ် တော်တော်မကျေမနပ် ဖြစ်ခဲ့ရပါတယ်။

ဒီအကြောင်းတွေ ပြန်တွေး၊ စာပြန်ရေးရင်းက ကျနော်နဲ့အတူ သမင်တကောင်ကို ရပ်ကြည့်ခဲ့ဖူးတဲ့ အီသီယိုပီးယားသူ ဗေဒါရီ ခေါ်  ကိုကိုးဗီကိုလည်း သတိရလာမိပါတယ်။

ဪ… အခုတော့လည်း အီသီယိုပီးယားနိုင်ငံ အရင်လိုမဟုတ်ဘဲ တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံ ဖြစ်လာပြီမို့ ဗေဒါရီ လို့ခေါ်တဲ့ ကိုကိုးဗီတယောက် သူ့နိုင်ငံသူ ပြန်သွားလောက်ပြီလို့လည်း တွေးမိပါတယ်။

ငြိမ်းဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024