Home
ဆောင်းပါး
ကိုယ်တုံးလုံး ကျောက်ရုပ်ပန်းခြံထဲက ဒေါသထွက်နေသော ကလေး
DVB
·
September 22, 2025

(၁)

နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ မကြာခဏဆိုသလို ကျနော်သွားရောက်လေ့ရှိတဲ့ ပြတိုက်နဲ့ ပန်းခြံ တော်တော်များများ ရှိပါတယ်။ တချို့နေရာတွေက ပိုက်ဆံပေးဝင်မှရသလို တချို့နေရာတွေက အခမဲ့ ဝင်လို့ရတဲ့ နေရာတွေပါ။

ကျနော်က အခမဲ့ဝင်လို့ရတဲ့နေရာလည်းဖြစ် ကျနော်ကိုယ်တိုင်ကလည်း လိုလားနှစ်သက်တဲ့ နေရာကြတော့ အချိန်ရတဲ့အခါတိုင်း ခဏခဏ သွားတတ်ပါတယ်။ ဥပမာ ဗီဂီလန်း ကျောက်ရုပ်ပန်းခြံလို နေရာတွေပါ။

တကယ်တော့ အော်စလိုရောက်ပြီး တပတ်လောက်အကြာမှာပဲ အဲဒီ ဗီဂီလန်း ကိုယ်တုံးလုံး ကျောက်ရုပ်ပန်းခြံကို စပြီးရောက်ဖူးခဲ့တာပါ။ အဲဒီတုန်းက DVB ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး အန်တီပြုံး (ဒေါ်ခင်ပြုံး၊ အော်စီ) က ဧည့်သည်အမျိုးသမီးတယောက်ကို လိုက်ပို့ရင်း ကျနော့်ကိုလည်း လိုက်ခဲ့ဖို့ ခေါ်လို့ ဝမ်းသာအားရ လိုက်သွားခဲ့တာပါ။

အန်တီပြုံးတို့က ကမ္ဘာကျော် ရေခဲလျှောစီးပြိုင်ပွဲကျင်းပရာ စင်မြင့်ကြီးဆီ အရင်သွားပြီးတော့မှ အိမ်အပြန်မှာ အဲဒီ ကိုယ်တုံးလုံး ကျောက်ရုပ်ပန်းခြံထဲ ဝင်ကြတာပါ။ ပန်းခြံထဲရောက်တော့ လိုက်လာမိတာ မှားပြီလို့တောင် တွေးလိုက်မိပါသေးတယ်။ အဲဒီတုန်းက ညကိုးနာရီကျော်နေပြီ ဖြစ်တာရယ် သေလုအောင်အေးလှတဲ့ အော်စလိုဆောင်းဒဏ်ကို မခံစားနိုင်လို့ ကျနော်ကတော့ ဘာကိုမှ စိတ်မဝင်စားနိုင်ဘဲ အိမ်ပြန်ဖို့ကိုသာ စိတ်စောနေခဲ့ပါတယ်။ ဒီကြားထဲ ကျောက်ရုပ်ဟူသမျှ အဝတ်အစားမပါ ဗလာကိုယ်တီးချည်းဖြစ်တာမို့ အတူသွားတဲ့ အမျိုးသမီးတွေရှေ့ အားနာပြီး ရဲရဲတောင် မကြည့်ခဲ့ပါဘူး။

နောက် တလမရှိတရှိအချိန်မှာတော့ ကျနော်တယောက်တည်း အော်စလိုမြို့ထဲ နေရာအနှံ့ သွားတတ်လာတတ်တဲ့အခါ အဲဒီ ဗီဂီလန်း ကျောက်ရုပ်ပန်းခြံဆီ ရေထွက်မတတ် သွားနေခဲ့ပြီပေါ့။

တကယ်တော့ ဗီဂီလန်း ကျောက်ရုပ်ပန်းခြံထဲက ရုပ်တုတွေကို နော်ဝေပန်းပုပညာရှင် “ဂုစတဗ် ဗီဂီလန်း” က စုစုပေါင်း နှစ်ပေါင်း ၂၀ ထုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ရုပ်တုပေါင်း ၂၁၂ ခု ရှိပါတယ်။ နော်ဝေအစိုးရနဲ့ညှိပြီး အစိုးရရဲ့အကူအညီနဲ့ပဲ စီမံကိန်းဆွဲ တည်ဆောက်ခဲ့တဲ့ ရုပ်တုပန်းခြံကြီးပါ။ ကမ္ဘာကျော် အနုပညာရပ်ဝန်းတခုသဘောဖြစ်ပြီး ကမ္ဘာအရပ်ရပ်က နိုင်ငံခြားခရီးသည်တွေ အလာများလို့ နိုင်ငံခြားဝင်ငွေ အများကြီးရတဲ့ နေရာပါ။

ကျနော်က ဗီဂီလန်းပန်းခြံကို ဘတ်စ်ကားနဲ့ရော ဓာတ်ရထားနဲ့ပါ အကြိမ်ကြိမ်သွားခဲ့တာပါ။ ပန်းခြံအဝင်ပေါက်ကလည်း လှပတဲ့ သံပန်းတွေနဲ့ ပြင်ဆင်ထားလို့ ဝင်ကတည်းက ကျနော့်မှာ စိတ်ဝင်စားမှု အပြည့်ပါပဲ။ ဝင်တဲ့အခါ အဝင်လမ်း အထွက်လမ်း ရင်ဘောင်တန်း ရှိနေပြီး ရောင်စုံပန်းပင်တွေ အပြည့်ပါပဲ။

ကျနော်က စတွေ့တွေ့ချင်း ရုပ်တုတွေထက် ကျနော် အထူးတလည် စိတ်ဝင်စားနေတဲ့ “ဒေါသထွက်နေသောကလေး” ရုပ်တုနဲ့ လူရုပ် ၁၀၀ ကျော်နဲ့ ဖန်တီးထားတဲ့ ကျောက်တိုင်ကြီးဆီကိုပဲ အမြန်ရောက်ချင်နေတာပါ။

အဝတ်အစားမပါ ကိုယ်လုံးတီးရုပ်တုတွေဟာ မွေးကာစ ကလေးအရွယ်ကစပြီး အသက်အရွယ် အိုမင်းတဲ့ အဘိုး အဘွား အရွယ်အထိ လူသားရဲ့ အဆင့်ဆင့် ဖြစ်တည်လာပုံကို ထုလုပ်ထားတဲ့ ရုပ်တုတွေပါ။ အပျို လူပျို အရွယ် ရုပ်တုတွေ၊ အိမ်ထောင်သည်အရွယ် ရုပ်တုတွေ နေရာအမျိုးမျိုးမှာ ပုံသဏ္ဌာန်အမျိုးမျိုး ပုံဖော် ထုလုပ်ထားတာပါ။

ရုပ်တုအတော်များများကို ကြည့်နေရင်းက ကျနော်ဖတ်ဖူးတဲ့ မှတ်ချက်တခု စိတ်ထဲရောက်လာပါတယ်။ အဲဒီမှတ်ချက်ဟာ တော်တော်အရေးကြီးတဲ့မှတ်ချက် ဖြစ်တာမို့ ကျနော့်စိတ်ထဲ စွဲနေတဲ့ မှတ်ချက်ပါ။ “ဗီဂီလန်းရဲ့ ကိုယ်တုံးလုံးရုပ်တုတွေဟာ ညစ်ညမ်းမှုကို အဓိကမဖော်ပြဘဲ လူသားရဲ့ အဆင့်ဆင့် ကြီးပြင်းဖြစ်တည်လာမှုနဲ့ အကာအရံ အပြင်အဆင်မရှိ လူသားရဲ့ ပကတိမူလရသကိုသာ ဖော်ပြနေကြတယ်” ဆိုတဲ့ မှတ်ချက်ပါပဲ။ တကယ်လည်း ဟုတ်ပါတယ်။ ပန်းခြံထဲရောက်ပြီး ရုပ်တုအတော်များများ ကြည့်ရှုနေရင်းကပဲ အဲဒီမှတ်ချက်ဟာ တကယ်မှန်နေပါလားဆိုတဲ့အသိ ကျနော် ရလာခဲ့ပါတယ်။

အဝင်လမ်းကနေပြီး ပန်းခြံထိပ်အရောက်မှာ ဝါးတရိုက်မရှိတရှိ အမြင့်ရှိတဲ့ ကျောက်တိုင်ပေါ်မှာ အမျိုးသမီးတဦးကို လိမ်ဖက်ထားတဲ့ ရုပ်တုတခု ရှိပါတယ်။ ကျနော့်စိတ်ထဲ လိမ်ဖက်ထားတဲ့အရာဟာ သင်းခွေချပ်တကောင်လို့ ထင်ပေမဲ့ အောက်မှာရေးထားတဲ့စာက “မိန်းမပျိုနဲ့ နဂါး” တဲ့။ ဪ သူတို့နဂါးက ကျနော်တို့ဆီက နဂါးလို အမောက်ထောင်ထောင် အမြီးရှည် မဟုတ်ပါလားလို့ တွေးရင်း ပြုံးမိပါသေးတယ်။

ငါးမိနစ်လောက် လျှောက်လာတော့ ရေမြောင်းကလေးတခုကို ကျော်ဆောက်ထားတဲ့ လှပတဲ့ တံတားလေးပေါ် ရောက်လာပါတယ်။ တံတားအောက်မှာ လှလှပပ ပြင်ဆင်ဖန်တီးထားတဲ့  ကွက်လပ်တခု ရှိပါတယ်။ ကွက်လပ်ဘေးတလျှောက်မှာ လသားအရွယ် ကလေးရုပ်တုလေးတွေချည်းပဲ ပြထားတာ တွေ့ရပါတယ်။ ကလေးလေးတွေ ဟန်ပန်အမျိုးမျိုးနဲ့ ကစားနေကြသလားလို့တောင် ထင်မိပါတယ်။

တံတားတဖက်ထိပ်ကိုရောက်တော့ လက်ဝဲဘက် အုတ်တိုင်တခုပေါ်မှာ ငါးနှစ်သားအရွယ် ကလေးရုပ်တုကလေး။ တွေ့ပါပြီ။ ကျနော် အင်မတန်စိတ်ဝင်စားနေတဲ့ ရုပ်တုလေးပေါ့။

(၂)

ကျနော် တွေ့ချင်နေတဲ့ ကမ္ဘာကျော်ရုပ်တုလေး။ သူက ကျောက်နဲ့ထုထားတာ မဟုတ်ပါဘူး။ ကြေးနဲ့ သွန်းထုထားတာပါ။

ရုပ်တုလေးရှေ့ရပ်ပြီး ရုပ်တုလေးကို သေသေချာချာ ကြည့်ပါတယ်။ ခြေထောက်တဖက်မြှောက် လက်သီးဆုပ်ထားတဲ့ လက်နှစ်ဖက်ကို အနည်းငယ်ကားပြီး ရပ်နေတဲ့ ကလေးလေးတယောက်။ အံကြိတ်ထားလို့ ပါးစောင်နှစ်ဖက် ဘေးကိုကားနေပါတယ်။ သူ့ရှေ့မှာ လာရပ်နေတဲ့ ကျနော့်ကို ဒေါသနဲ့ လက်သီးဆုပ် အံကြိတ်ပြီး ပြန်ကြည့်နေတဲ့ ငါးနှစ်အရွယ်ကလေးလေး။

ကျနော်က နောက်ကို နည်းနည်းဆုတ်ပါတယ်။ ရှေ့ကို ပြန်တိုးကြည့်ပါတယ်။ ဒေါသထွက်နေတဲ့ ကလေးတယောက်ကို ကျနော့်မှာ တအံ့တဩ ကြည့်နေမိပါတယ်။ ပြီးတော့ သူ ဒေါသထွက်နေပုံကို အလိုလို ချစ်စိတ်ဝင်လာမိပါတယ်။ ဪ… ဒါကြောင့်လည်း ဒီဒေါသထွက်နေတဲ့ ကလေးရုပ်တုလေးကို ကမ္ဘာအရပ်ရပ်ကလူတွေ နေ့တိုင်း လာကြည့်နေတာပဲကိုးလို့ ကျနော် တွေးမိသွားပါတယ်။

ကျနော်က ဒေါသထွက်နေသော ကြေးရုပ်ကလေးကို ကြည့်နေရင်းက မင်းဒေါသတွေဟာ နှစ်ပေါင်း ၆၀ ကျော်လာတဲ့အချိန်အထိ မပြေနိုင်သေးဘူးလား ကလေးရယ်လို့ စိတ်ထဲက ပြောလိုက်မိပါသေးတယ်။ (ပန်းပုဆရာ ဗီဂီလန်းဟာ ဒီပန်းခြံထဲက ရုပ်တုတွေကို ၁၉၂၀ ခုနှစ်ကစပြီး ထုလုပ်ခဲ့တာပါ။)

အဲဒီအချိန်မှာပဲ ကလေးလေးရဲ့ လက်တဖက်ကို ကိုင်ကြည့်ချင်စိတ် ဖြစ်လာပါတယ်။ ၁၉၉၂ ခုနှစ်တုန်းက လူတယောက်က သူ့လက်တဖက် ဖြတ်ခိုးသွားခဲ့တာကိုလည်း တွေးမိသွားပါတယ်။ ခိုးတဲ့သူရဲ့ ရည်ရွယ်ချက် အတိအကျ မသိနိုင်ပေမဲ့ နော်ဝေတနိုင်လုံး ထိတ်လန့်အံ့ဩကြရပါတယ်။ အခု သူ့လက်တဖက်ဟာ နဂိုပုံစံနဲ့တူအောင် ပြန်တပ်ထားတဲ့ လက်တဖက်ပါလားဆိုပြီး စိတ်မကောင်း ဖြစ်ရပါသေးတယ်။

တချိန်တည်းမှာပဲ နော်ဝေကို အလာတုန်းက ဒိန်းမတ်မှာ လေယာဉ်ပြောင်းစီးဖို့ ခရီးတထောက် နားရပါတယ်။ အဲဒီတုန်းက ဒိန်းမတ်ပုံပြင်ဆရာ အင်ဒါဆင်းရဲ့ ပုံပြင်ထဲက ကမ္ဘာကျော် ရေသူမ ကြေးရုပ်ကလေးအကြောင်း တွေးမိပါသေးတယ်။ လေယာဉ်ပြတင်းပေါက်ကတဆင့် မြစ်ကမ်းခြေတနေရာမှာ ရေသူမလေးကြေးရုပ် တင်ထားတာ မြင်ရလိုမြင်ငြား ငုံ့ကြည့်မိပါသေးတယ်။ အဲဒီ ကမ္ဘာကျော် ရေသူမကြေးရုပ်ကလေးလည်း ခေါင်းဖြတ်ပြီး အခိုးခံခဲ့ရဖူးပါသေးတယ်။‌

အခုလည်း လက်တဖက် အစားထိုးထားရတဲ့ ဒေါသထွက်နေသော ကလေးလေး ကြေးရုပ်ကို ကြည့်ပြီး ဪ စကင်ဒီနေဗီးယားနိုင်ငံသားတွေလည်း ထူးဆန်းသူများဖြစ်ကြပါလားလို့ မြင်လာမိပါတယ်။

အဲဒီအချိန်မှာပဲ သူနဲ့ မတိမ်းယိမ်း ကလေးတယောက်က ကျနော့်ရှေ့ဖြတ်ပြီး ကလေးရုပ်တုလေးရဲ့ ချက်ကို လက်ညှိုးနဲ့ သွားထိုးလိုက်ပါတယ်။ လူအုပ်ထဲက ဆယ်ကျော်သက်အရွယ် မိန်းကလေးတဦးကလည်း ရုပ်တုလေးရဲ့ချက်ကို လက်ညှိုးနဲ့ သွားထိုးလိုက်ပြန်ပါတယ်။ အတူလာကြတဲ့ လူအုပ်ကလည်း သဘောကျစွာ ဝိုင်းရယ်ကြ ပျော်နေကြပါတယ်။

လူအုပ် လွန်သွားတဲ့အခါ  ဒေါသဖြစ်နေတဲ့ကလေး ရုပ်တုရဲ့ ဗိုက်ကို သေချောချာကြည့်တော့ သူ့ချက်ဟာ နဂိုထက် ပိုခွက်နေတာ နဂိုထက်ပိုပြီး ပြောင်လက်နေတာ တွေ့လိုက်ရပါတယ်။ မှန်သည်၊ မမှန်သည် အပထား။ သူတို့ ဥရောပသားတွေလည်း ရုပ်တုလေးရဲ့ချက်ကို လက်ညှိုးနဲ့ထိုးရင် ကလိရင် ဗိုက်နာပျောက်တယ်လို့များ အယူရှိကြသလားလို့ မြန်မာဆန်ဆန် တွေးလိုက်မိပါသေးတယ်။

(၃)

“ဗီဂီလန်း” ကိုယ်တုံးလုံး ကျောက်ရုပ်ပန်းခြံထဲက ရုပ်တုတွေဟာ ကြေးသွန်းရုပ်တုနဲ့ ကျောက်ရုပ်တုတွေပါ။ ကျောက်ရုပ်တွေက နှမ်းဖတ်ကျောက်အမျိုးအစားနဲ့ ထုထားတဲ့ ရုပ်တုတွေပါ။ ဒီပန်းခြံထဲမှာ ရုပ်တုစုစုပေါင်း ၂၁၂ ခု ရှိပါတယ်။ ရုပ်တုတွေကို ဗီဂီလန်းက ၁၉၂၀ မှာ စတင်ထုလုပ်ပြီး ပန်းခြံကို ၁၉၂၄ မှာ ပြင်ဆင်ပါတယ်။ ဖွင့်ပွဲကိုတော့ ၁၉၅၀ မှာ ဖွင့်ခဲ့တာပါ။ တကယ့် နှစ်များစွာ အချိန်ယူထုလုပ် ပြင်ဆင်ခဲ့ရတဲ့ နော်ဝေတို့ရဲ့ အမျိုးသားဂုဏ်ဆောင် အနုပညာ အားထုတ်မှုကြီးတခုပါ။

အော်စလိုမှာက နေရာအတော်များများမှာ ရုပ်တုတွေ ရှိပါတယ်။ နာမည်ကြီး နိုင်ငံရေးခေါင်းဆောင်၊ အားကစားထူးချွန်သူနဲ့ ကျော်ကြားတဲ့ အနုပညာရှင်တွေကလွဲပြီး ကျန်တဲ့ ရုပ်တု အားလုံးနီးပါးဟာ ကိုယ်တုံးလုံးရုပ်တုတွေချည်းပါပဲ။

အခုဆိုရင် ဒေါသထွက်နေသော ကလေးရုပ်တုလိုပဲ ကျနော် စိတ်ဝင်စားတဲ့ နာမည်ကျော် ကျောက်တိုင်ကြီးနား ရောက်လာခဲ့ပါပြီ။ ပထမဦးစွာ ကျောက်တိုင်အဖျားကို မော့ကြည့်နေမိပါသေးတယ်။ ကျောက်တိုင်ကြီးက ကျနော်တို့နိုင်ငံ ရန်ကုန်မြို့က လွတ်လပ်ရေးကျောက်တိုင်ကြီးလိုပါပဲ။ ခြေရင်းမှာ လှေကားထစ်တချို့ရှိတဲ့ အုတ်ခုံကြီးပေါ် ထောင်ထားတာပါ။ ဒါပေမဲ့ အုတ်ခုံပတ်ပတ်လည်မှာ ကိုယ်တုံးလုံး ကျောက်ရုပ်တွေ ချထားပြီး ကျောက်ရုပ်အားလုံး အသက်ရွယ်ကြီးရင့်သူများရဲ့ ရုပ်တုတွေချည်းပါပဲ။ အဲဒီအခါကျမှ ကျနော် ဖြတ်လာခဲ့ရာ တံတားတဖက်ကစပြီး မွေးခါစ၊ လေးဘက်တွား၊ ပြေးနိုင်ဆော့နိုင်၊ မြီးကောင်ပေါက်အရွယ်၊ အိမ်ထောင်ကျ သားသမီးရတဲ့အရွယ် အစရှိသဖြင့် တစတစ လူတွေ ကြီးလာ ရင့်လာ။ အခု ဒီကျောက်တိုင်ကြီးအောက် ရောက်တော့ အဘိုး အဘွားအရွယ် ကျောက်ရုပ်တုတွေပေါ့။

ကျောက်တိုင်ကြီးက ၁၄ မီတာ မြင့်ပါတယ်။ ထူးခြားတဲ့အချက်က မွေးခါစအရွယ်ကစပြီး အသက်အရွယ် အိုမင်းတဲ့အရွယ်အထိ အရွယ်စုံလူတွေ တယောက်နဲ့  ကျောက်တိုင်‌ခြေရင်းကစပြီး အဖျားရောက်တဲ့အထိ တယောက်နဲ့တယောက် ဖင်တပြန်ခေါင်းတပြန် ဖက်တွယ် ထိကပ် လိမ်ယှက်နေကြတဲ့ ရုပ်တုပေါင်း ၁၂၁ ခုကို အချိုးအစားညီညီ သဘာဝကျကျ ထုထားတဲ့အချက်။ အဲဒီအချက်ဟာ လူတွေကို အဖမ်းစားနိုင်ဆုံး အချက်ပါပဲ။

ဒီလို လူတွေ ဖက်တွယ်လိမ်ယှက်နေကြတဲ့ ကျောက်တိုင်ကြီးကို ပထမပိုင်းမှာ ဗီဂီလန်းက ရုပ်လုံးပလာစတာ ကိုင်ပေးချပေးထားပြီး တခြား ပန်းပုပညာရှင် သုံးယောက်က ဝိုင်းဝန်း ပုံဖော် ထုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီကျောက်တိုင်ကြီဟာ ပန်းခြံတခုလုံးရဲ့ အတွင်းပိုင်း အဖျားမှာ နေရာထိုင်ခင်း သပ်သပ်ပြင်ဆင်ထားပေးတာ တွေ့ရပါတယ်။

(၄)

နော်ဝေနိုင်ငံမှာ နေထိုင်စဉ် ပြတိုက် ပြခန်းတွေ၊ ရုပ်ရှင်ရုံတွေနဲ့ လူတွေ အပန်းဖြေရာ နေရာတွေကို ကျနော်သွားခဲ့ပါတယ်။ အလုပ်နားတဲ့ရက်တိုင်း သွားလေ့ရှိပါတယ်။

ဒီအထဲမှာ ဂုစတဗ် ဗီဂီလန်း ကိုယ်တုံးလုံးကျောက်ရုပ်ပန်းခြံကိုတော့ မမုန်းနိုင်အောင် အခေါက်ခေါက်အခါခါ သွားခဲ့မိတာ အမှန်ပါပဲ။ ။

ငြိမ်းဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024