Home
မြန်မာသတင်း
စစ်တပ်ခွင့်ပြုချက်ဖြင့် ဗလီတည်ဆောက်မှုကို ကန့်ကွက်သည့် သံဃာအချို့ စစ်ဆေးခံရ
DVB
·
October 1, 2025

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့နယ်၊ သစ်ဆိမ့်ပင်ရွာထိပ်မှာ စစ်တပ်ခွင့်ပြုချက်နဲ့ ဗလီ တည်ဆောက်နေတာကို ကန့်ကွက်တားဆီးခဲ့တဲ့ အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ သံဃာတချို့ကို စစ်တပ်က စက်တင်ဘာ ၃၀ ရက်မှာ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်တပ်ခွင့်ပြုချက်နဲ့ ပျဥ်းမနားမြို့နယ်၊ ဘောဂသီရိကားဝင်းအနီး သစ်ဆိမ့်ပင်ရွာထိပ်မှာ အစ္စလာမ်ဘာသာဝင်တွေက ဝတ်ပြုဆုတောင်းဖို့ ဗလီတည်ဆောက်နေတာကို အမျိုးသားရေး လှုပ်ရှားသူတွေနဲ့ သံဃာတော်တွေက ကန့်ကွက်ခဲ့တဲ့အတွက် စစ်ဆေးခံရတာလို့ မြို့ခံတယောက်က ပြောပါတယ်။

“မအူပင်က ဗလီကိစ္စပြီးတော့ ပျဥ်းမနားက ဗလီဆောက်တာကို မဘသတွေက ရန်ရှာလာတယ်။ ပြောရရင် ဘာသာရေးပဋိပက္ခဖြစ်အောင် မှိုင်းတိုက်ပေးတာပေါ့။ အခုဆောက်နေတဲ့ ဗလီက စစ်တပ်က ခွင့်ပြုထားတာကို မသိဘဲ ခွင့်ပြုချက်မရှိဘဲ ဆောက်တယ်ဆိုပြီး ဆန္ဒပြဖို့ စီစဥ်နေတဲ့အချိန် ဖမ်းတာ။ ဆရာတော်ကြီးတွေပါ လိုက်တောင်းပန်လို့ စစ်တပ်က ပြန်လွှတ်ပေးလိုက်တယ်။ အမှုဖွင့်လား မဖွင့်လားတော့ မသိဘူး။”

ပျဥ်းမနားမြို့မှာ ဗလီတည်ဆောက်တဲ့ကိစ္စကို ရွှေအင်တောင် မဟာစည်ရိပ်သာကျောင်းတိုက်၊ သစ်ဆိမ့်ပင်ကျောင်းတိုက်၊ ဝေဠုဝန်ကျောင်းတိုက်၊ ရှေးဟောင်းကျောင်းတိုက်၊ မစိုးရိမ်ကျောင်းတိုက်နဲ့ ဓမ္မာစရိယကျောင်းတိုက် ဆရာတော် ၆ ပါးက ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့တာလို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

“တပ်ချုပ်ကိုယ်တိုင် ဘာသာရေးအဖွဲ့အစည်းတွေကို မနှစ်က မြေနေရာချပေးတာကို မဘသတွေက မသိဘူး။ အစ္စလာမ်ရော ဟိန္ဒူရော ခရစ်ယာန်ရော ဗုဒ္ဓဘာသာရော မြေနေရာပေးတာ။ အဲဒီမြေမှာ ဘာသာရေး အဆောက်အဦတွေ ဆောက်ဖို့ ခွင့်ပြုထားတာ။ အခု သူတို့လုပ်ရပ်က ဘာသာရေးပဋိပက္ခ ဖြစ်အောင် လုပ်နေလို့ ခေါ်စစ်တာ။”

၂၀၂၄ ခုနှစ် ဧပြီ ၁၂ ရက်မှာ စစ်ခေါင်းဆောင်က ဗုဒ္ဓဘာသာနဲ့ အင်္ဂလီကန်ခရစ်ယာန်၊ ကက်သလစ်ခရစ်ယာန်၊ နှစ်ခြင်းခရစ်ယာန်၊ ဆွန်နီအစ္စလာမ်၊ ရှီယာအစ္စလာမ်၊ ဟိန္ဒူဘာသာမှ ကိုယ်စားလှယ်တွေကို နေပြည်တော်ကိုဖိတ်ပြီး ဘာသာရေးအဆောက်အဦများ တည်ဆောက်ဖို့ မြေတွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013