
တိုင်ဖွန်းမုန်တိုင်း ဘူအာလွိုင် ဝင်ရောက်တိုက်ခတ်သွားပြီးနောက် ဗီယက်နမ်နိုင်ငံ၊ နယ်အန်းပြည်နယ်မှာ နေထိုင်သူတွေဟာ စက်တင်ဘာ ၃၀ ရက်က ခါးအောက်ပိုင်း နစ်တဲ့အထိ ရေကြီးရေလျှံနေတဲ့ နေရာတွေကို ဖြတ်သန်းသွားလာနေရပါတယ်။
ရေကြီးလို့ နေအိမ်အများအပြား ရေမြုပ်ခဲ့ပြီး ပရိဘောဂတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ နစ်မြုပ်သွားခဲ့သလို တချို့အိမ်တွေကတော့ ပစ္စည်းတွေကိုဆယ်ပြီး အိမ်သုံးပစ္စည်းတွေကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အသက် ၅၆ နှစ်အရွယ် ငိုထိလွမ်းက “အဲဒီလို မုန်တိုင်းကျတာ တခါမှ မတွေ့ဖူးဘူး။ အိမ်ခေါင်မိုးတွေ လွင့်ထွက်သွားပြီး မနက် ၃ နာရီကတည်းက ရေတွေ အဆက်မပြတ် တက်လာတယ်” လို့ ပြောပါတယ်။
အသက် ၅၄ နှစ်အရွယ် ငိုထိလန် ကတော့ သန့်ရှင်းရေးလုပ်ဖို့ ကြိုးပမ်းရုန်းကန်နေရပြီး သူ့ အိမ်သုံးပစ္စည်းတွေအားလုံး ရေမြုပ်နေတယ်လို့ ပြောပါတယ်။
ဗီယက်နမ်နိုင်ငံမှာ မိုးသည်းလို့ ဟနွိုင်းနဲ့ မြောက်ပိုင်းပြည်နယ်တွေမှာ ရေကြီးရေလျှံခဲ့တာပါ။ အခုနှစ်အတွင်း အဆိုးရွားဆုံးမုန်တိုင်းအဖြစ် ဘူအာလွိုင်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့လို့ သေဆုံးသူ ၁၉ ယောက်အထိ မြင့်တက်လာခဲ့ပြီး နောက်ထပ် လူ ၂၁ ယောက် ပျောက်ဆုံးနေတုန်းပဲလို့ ဗီယက်နမ်အစိုးရက ပြောပါတယ်။
ဘူအာလွိုင်မုန်တိုင်းဟာ စက်တင်ဘာ ၂၉ ရက်မှာ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကနေ ကုန်းတွင်းပိုင်းဆီ ဝင်ရောက်ခဲ့ပြီး ပင်လယ်ရေလှိုင်းကြီးတွေ၊ လေပြင်းတွေနဲ့ မိုးသည်းတာတွေ ဖြစ်ခဲ့ပါတယ်။
လူ ၈၈ ယောက်လည်း ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်ခြေ ၁ သိန်းကျော် ပျက်စီးခဲ့ကာ နယ်အန်းနဲ့ ဟာသီပြည်နယ်တွေက စပါးနဲ့ ကောက်ပဲသီးနှံဟက်တာ ၁၀,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့တယ်လို့ အစိုးရက ပြောပါတယ်။
Source: Reuters




