Home
မြန်မာသတင်း
တိုင်ဖွန်းမုန်တိုင်းကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် မိုးများနိုင်
DVB
·
September 29, 2025
Photo: မိုးဇလ

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ဘူအာလွိုင်” ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ လာအိုနယ်စပ်ကို ဖြတ်ပြီး မြန်မာနိုင်ငံကို အပူပိုင်းမုန်တိုင်းငယ် လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်ရွေ့လျားနိုင်ပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ မိုးများနိုင်တယ်လို့ သတိပေးထားပါတယ်။

လက်ရှိမှာတော့ တိုင်ဖွန်းမုန်တိုင်း “ဘူအာလွိုင်” ဟာ ဗီယက်နမ်ကမ်းခြေကို စက်တင်ဘာ ၂၈ ရက်မှာ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ လာအိုနယ်စပ်ကို ရောက်ရှိနေပြီလို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။

မုန်တိုင်းက အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းကို မုန်တိုင်းအကြွင်းအကျန် လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိလာပြီး နေရာကွက် မိုးကြီးနိုင်ပါတယ်။

တောင်စောင်းနေရာတွေမှာ မိုးများနိုင်တဲ့အတွက် တောင်ကျရေ သတိထားကြဖို့လည်း လိုတယ်လို့ ဆိုပါတယ်။

မုန်တိုင်းအကြွင်းအကျန်စဝင်မယ့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ မိုးမများနိုင်ပေမဲ့ နေရာကွက်ပြီး မိုးကြီးနိုင်သလို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ကို ဆက်လက်ရွေ့လျားသွားပြီး မိုးများနိုင်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးများနိုင်တဲ့အတွက် ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေလည်း မြင့်တက်နိုင်ပြီး ကုန်းမြင့်ဒေသတွေမှာ မြေပြိုမယ့် အန္တရာယ်တွေလည်း သတိထားဖို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်က “အပေါ်ပိုင်းမှာပေါ့နော် မြစ်ကြီးနားကနေ တက်လာနိုင်တယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်းထိ ရွေ့နိုင်တယ်။ ဒါတွေသည် စက်တင်ဘာ ၃၀၊ အောက်တိုဘာ ၁ ရက် ၂ ရက်အတွင်း ဖြစ်မှာပေါ့။ မြစ်ကြီးနားနဲ့ အထက်ဘက်တွေမှာ မိုးများနိုင်တယ်၊ စစ်ကိုင်းတိုင်းရဲ့ အထက်ပိုင်းတွေမှာ မိုးများနိုင်တယ်၊ မိုးများမယ်ဆိုတော့ ချင်းတွင်းမြစ်ရေနဲ့ ဧရာဝတီမြစ်ရေက ခနတော့ တက်လာနိုင်တယ်။ မြစ်ရေကြီးမယ့်အထိတော့ မိုးများနိုင်တဲ့ အနေအထားမရှိပါဘူး” လို့ ပြောပါတယ်။

မုန်တိုင်းအကြွင်းအကျန်ကြောင့် မိုးများနိုင်မယ့် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဟာ တိုက်ပွဲတွေမကြာခဏ ဖြစ်ပွားနေတာကြောင့် ပြည်သူသိန်းနဲ့ချီ စစ်ဘေးရှောင်နေကြရတဲ့ ဒေသတွေ ဖြစ်ပါတယ်။

ချင်းတွင်းမြစ်ရေ မြင့်တက်လာနိုင်တဲ့အတွက်ကြောင့်လည်း ချင်းတွင်းမြစ်ကမ်းတလျှောက် နေထိုင်တဲ့ စစ်ရှောင်တွေအနေနဲ့ မြစ်ရေကြောင့် ရေကြီးလာမှာကို စိုးရိမ်နေကြရသလို စစ်ဘေးရှောင် ကူညီသူတွေ အနေနဲ့လည်း မိုးရာသီကာလမှာ လမ်းခရီး အခြေအနေကြောင့် စစ်ရှောင်တွေဆီ သွားလာရတာ ခက်ခဲတယ်လို့ စစ်ဘေးရှောင် အကူအညီပေးသူတယောက်က ပြောပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မဖူးပွင့်ဝေက “မိုးကလည်း ကျနော်တို့ဘက်မှာ ရွာပြီဆိုရင် တအားရွာတာဆိုတော့ကျ၊ မိုးကလည်း ရွာပြီဆို ၂ ရက် ၃ ရက်နဲ့လည်း မ‌ပြေဘူးဆိုတော့ တော်တော်လေးတော့ အလုပ်သွားရလာရ ခက်ခဲတာပေါ့နော်။ နေရပ်စွန့်ခွာ စစ်ဘေးရှောင်တွေဆို တနေ့လုပ် တနေ့စားတွေ ရှိတာပေါ့နော်။ အလုပ်မသွားနိုင်တဲ့အခါဆို အခက်အခဲတွေက ရှိကြတာပေါ့။ မိုးရာသီဆို လမ်းတွေရော လုပ်ရကိုင်ရတာတွေရော အဆင်မပြေဘူးဗျ။ ကျနော်တို့တွေ သွားလှူချင်တယ် ဆိုရင်တောင်မှ လမ်းမကောင်းတဲ့ အနေအထားမျိုးမှာ ကားတွေက သွားလို့ အဆင်မပြေ၊ ကုန်ပစ္စည်း သယ်ယူတာတွေလည်း နှောင့်နှေးတယ်” လို့ ပြောပါတယ်။

တိုင်ဖွန်းမုန်တိုင်း “ဘူအာလွိုင်” ဟာ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းမှာ လာအိုနိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေကို အပူပိုင်းမုန်တိုင်းငယ်အဖြစ်နဲ့ ဆက်လက်ဖြတ်ကျော်နိုင်မယ်လို့လည်း စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီမှာ ထုတ်ပြန်ထားပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013