Home
ဆောင်းပါး
မြေရှားသတ္တုတူးဖော်မှုကြောင့် သစ်တောပြုန်းတီးမှု ပိုများလာ
DVB
·
September 26, 2025
Photo: Mongabay

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မှာ မြေရှားသတ္တုတွေကို စည်းလွတ်ဝါးလွတ် တူးဖော်နေကြပါတယ်။ ဒီလုပ်ရပ်တွေဟာ သစ်တောတွေ၊ မြစ်ချောင်းတွေနဲ့ လူတွေရဲ့ ကျန်းမာရေးအပေါ် ဆိုးဆိုးရွားရွား ထိခိုက်နေပါတယ်။ ဒီအချက်ကို သတင်းရင်းမြစ်တွေနဲ့ Mongabay က စုဆောင်းရရှိထားတဲ့ ဂြိုဟ်တုပုံတွေက သက်သေပြနေပါတယ်။

သတ္တုတူးဖော်ရေးကို အဓိကလုပ်ဆောင်တဲ့ မြို့နယ်တွေမှာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း သစ်တောတွေ အကြီးအကျယ် ဆုံးရှုံးခဲ့ပါတယ်။ အဲဒီသစ်တောတွေဟာ အပူပိုင်းနဲ့ အမြဲစိမ်းတော အမျိုးအစားတွေဖြစ်ပြီး စုစုပေါင်း ဟက်တာ ၃၂,၇၂၀ (ဧက ၈၀,၈၅၀) လောက် ရှိပါတယ်။

သုတေသနပညာရှင်တွေရဲ့ အဆိုအရ ကချင်ပြည်နယ်ကထွက်တဲ့ မြေရှားသတ္တုအားလုံးဟာ တရုတ်နိုင်ငံက သံလိုက်ထုတ်လုပ်တဲ့ စက်ရုံတွေဆီကို ရောက်သွားပါတယ်။ အဲဒီစက်ရုံတွေကနေတဆင့် ကမ္ဘာ့ထိပ်တန်း လျှပ်စစ်ကား၊ လေစွမ်းအင်သုံးတာဘိုင်နဲ့ အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဆီကို ပြန်လည်ရောက်ရှိသွားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကလည်း ဒီကိစ္စကို ပိုပြီးရှုပ်ထွေးစေတဲ့ အချက်တချက် ဖြစ်နေပါတယ်။ အခုချိန်မှာတော့ သတ္တုတွင်းတွေကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့ဟာ တရုတ်ကုမ္ပဏီတွေ၊ တာဝန်ရှိသူတွေနဲ့ စည်းကမ်းချက်တွေကို ပြန်လည်ညှိနှိုင်းနေပါတယ်။ တချိန်တည်းမှာပဲ သူတို့ဟာ မြေရှားသတ္တုတူးဖော်ရေးအတွက် စည်းမျဉ်းအသစ်တွေကိုလည်း ရေးဆွဲနေပါတယ်။ ဒါပေမဲ့ ဒီစည်းမျဉ်းတွေက နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ကချင်ပြည်နယ်ဟာ ကမ္ဘာ့မြေရှားသတ္တုတွေရဲ့ ဗဟိုချက်မတခုလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီသယံဇာတတွေကို စည်းမျဉ်းစည်းကမ်း မရှိသလောက် တူးဖော်နေတာကြောင့် ဒေသတွင်း သစ်တောတွေအတွက် အလွန်ကြီးမားတဲ့ အန္တရာယ်တွေ ရှိနေပါတယ်။ အမည်မဖော်လိုတဲ့ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ သတ္တုတူးဖော်မှုတွေဟာ လူ့ကျန်းမာရေး၊ အမျိုးသမီးတွေ၊ မြေဆီလွှာနဲ့ မြစ်ချောင်းတွေအပေါ်မှာ စိုးရိမ်စရာကောင်းတဲ့ သက်ရောက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ဒေသခံအဖွဲ့အစည်းတခုရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “မြေရှားသတ္တုတူးဖော်မှု အများဆုံးလုပ်တဲ့ ချီဖွေနဲ့ မိုးမောက်မြို့နယ်တွေမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနဲ့ ပြည်တွင်းစစ် စတင်ပြီးနောက်ပိုင်း သတ္တုတူးဖော်မှုတွေ သိသိသာသာကို မြင့်တက်လာခဲ့တယ်” လို့ Mongabay ကို ဖြေဆိုပါတယ်။

“အထူးသဖြင့် တရားမဝင် ထိန်းချုပ်ထားတဲ့ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကြီးကြပ်မှုမရှိတဲ့ နေရာတွေမှာ ပိုဆိုးပါတယ်” လို့ သူက ပြောပါတယ်။ ဗန်းမော်မြို့နယ်ဟာလည်း မြေရှားသတ္တုတူးဖော်မှုတွေ လုပ်ဆောင်နေတဲ့ နောက်ထပ်မြို့နယ်တခု ဖြစ်ပါတယ်။

အဆိုပါ ပြောရေးဆိုခွင့်ရှိသူက Mongabay ကို စာတိုပေးပို့ပြီး အခုလို ဆက်ပြောပါတယ်။ “၂၀၁၈ လောက်ကတည်းက သစ်တောပြုန်းတီးမှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့် သတ္တုတွင်းဧရိယာတွေနားမှာ လမ်းတွေဖောက်တာ၊ မြေရှင်းတာတွေကြောင့် ပိုဆိုးလာတာပါ။ မြေရှားသတ္တုရွှံ့တွေကို အခြောက်ခံဖို့ ထင်းအဖြစ်သုံးဖို့ သစ်ပင်တွေကို အစုလိုက်အပြုံလိုက် ခုတ်တာကြောင့်လည်း သစ်တောပြုန်းတီးမှုနှုန်းက အလွန်မြင့်တက်လာခဲ့ပါတယ်” လို့ သူက ပြောပါတယ်။

Global Forest Watch ရဲ့ အချက်အလက်တွေအရ ၂၀၁၈ ကနေ ၂၀၂၄ ခုနှစ်အတွင်း ချီဖွေ၊ မိုးမောက်နဲ့ ဗန်းမော်မြို့နယ်တွေမှာ သစ်တော ဟက်တာပေါင်း ၃၂,၇၂၀ (ဧကပေါင်း ၈၀,၈၅၀) လောက် ဆုံးရှုံးခဲ့ပါတယ်။ အဲဒီထဲမှာ မိုးမောက်မြို့နယ်က ဟက်တာ ၁၂,၁၀၀ (ဧက ၃၀,၀၀၀ ခန့်) နဲ့ အများဆုံး ဆုံးရှုံးခဲ့တာပါ။

Global Witness ရဲ့ သတင်းရင်းမြစ်တွေအရ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ စစ်ကောင်စီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေဆီကနေ သတ္တုတွင်းတွေကို ထိန်းချုပ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ တချို့နေရာတွေမှာ သတ္တုတူးဖော်မှုတွေ နှေးကွေးသွားတာ၊ ရပ်ဆိုင်းသွားတာတွေ ရှိခဲ့ပါတယ်။

Global Witness က စုံစမ်းစစ်ဆေးရေးခေါင်းဆောင် Clare Hammond က “ဒီစည်းမျဉ်းတွေက ဘယ်လောက်အထိ ပြည့်စုံမလဲ၊ ပွင့်လင်းမြင်သာမှုရှိမလဲ၊ အာဏာသက်ရောက်မှုရှိမလဲ၊ နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီမလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ” လို့ ပြောပါတယ်။

KIO မှာ မူဝါဒတွေနဲ့ စည်းမျဉ်းတွေ ရှိထားပြီးသားပါ။ သူတို့ဟာ အခြေခံပတ်ဝန်းကျင်ဆိုင်ရာ လမ်းညွှန်ချက်တွေ ချမှတ်ဖို့နဲ့ စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ကြိုးစားခဲ့ဖူးတယ်လို့ အရပ်ဘက်အဖွဲ့အစည်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ဒါပေမဲ့ စစ်ရေးလိုအပ်ချက်တွေကို ပံ့ပိုးပေးရတဲ့ စီးပွားရေးဖိအားတွေကလည်း ရှိနေပြန်ပါတယ်။ ဒီဖိအားတွေကို ပိုပြီး ဦးစားပေးဖြစ်နေတာကြောင့် စည်းကမ်းလိုက်နာမှုကို အပြည့်အဝ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။

ယူကေနိုင်ငံ၊ မန်ချက်စတာတက္ကသိုလ်က ကထိက ပက်ထရစ်မီဟန်က ကချင်ပြည်နယ်မှာ သစ်တောပြုန်းတီးရခြင်းရဲ့ အဓိကအကြောင်းရင်း နှစ်ခုကို ထောက်ပြပါတယ်။ တခုက သတ္တုတူးဖော်ဖို့ မြေရှင်းလင်းတာဖြစ်ပြီး နောက်တခုကတော့ မြေရှားသတ္တုတွေကို အောက်ဆိုဒ်အဖြစ် ပြောင်းလဲဖို့ အပူပေးရာမှာသုံးတဲ့ ထင်းတွေကို ခုတ်လှဲတာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ကချင်ပြည်နယ်က ချီဖွေနဲ့ ပန်ဝါမြို့တဝိုက်က ဧရိယာတွေဟာ ရာဘာ၊ ငှက်ပျောနဲ့ ကြံစိုက်ခင်းတွေကြောင့် သစ်တောတွေ အကြီးအကျယ် ပြုန်းတီးခဲ့ပြီးသားပါ။ အခု မြေရှားသတ္တုတူးဖော်ရေးက နောက်ဆုံးပေါ်လာတဲ့ သယံဇာတတူးဖော်မှုတခု အနေနဲ့ သစ်တောဆုံးရှုံးမှုကို အဆိုးဆုံးဖြစ်စေနေပါတယ်” လို့ မီဟန်က ပြောပါတယ်။

Myanmar Witness ဆိုတဲ့ NGO တခုရဲ့ အစီရင်ခံစာမှာလည်း ပန်ဝါမြို့တဝိုက်မှာ ရေကြီးတာ၊ မြေပြိုတာလို သဘာဝဘေးအန္တရာယ်တွေ သိသိသာသာ များလာတာကို ဖော်ပြထားပါတယ်။ ဒါဟာ သစ်တောပြုန်းတီးမှု မြင့်တက်လာတာနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ သူတို့ရဲ့ မှတ်တမ်းအရ သတ္တုတူးဖော်ရေးဧရိယာဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်းမှာ နှစ်ဆနီးပါး ကျယ်ပြန့်လာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှာတော့ ကချင်ပြည်နယ်တဝန်းမှာ မြေရှားသတ္တုတူးဖော်ရေး နေရာပေါင်း ၄၀၀ နီးပါးကို သူတို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

တရုတ်နယ်စပ်အနီး တည်ရှိတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ မြေရှားသတ္တုတွေ အမြောက်အမြား ရှိနေပါတယ်။ သတ္တုတူးဖော်ရေးနဲ့ ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်း အများစုကို ဒေသခံတွေနဲ့ တရုတ်ကုမ္ပဏီတွေက လုပ်ဆောင်ကြပြီး တရုတ်နိုင်ငံကို တင်ပို့ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့မြေရှားသတ္တု သန့်စင်ရေးလုပ်ငန်းရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားတာပါ။ Global Witness ရဲ့ အစီရင်ခံစာအရ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံကနေ တင်သွင်းမှုဟာ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်ကို နှိုင်းယှဉ်ရင် နှစ်ဆကျော် တိုးလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်က ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအထိ စံချိန်တင်ခဲ့ပါတယ်။

ပက်ထရစ်မီဟန်ကတော့ မြန်မာနိုင်ငံကနေ ထုတ်ယူသွားတဲ့ မြေရှားသတ္တု စုစုပေါင်းပမာဏကို အတိအကျ မသိနိုင်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ Global Witness ကတော့ ကချင်ပြည်နယ်ကနေ ထုတ်ယူတဲ့ သတ္တုအားလုံးဟာ တရုတ်နိုင်ငံက မြေရှားသတ္တုသန့်စင်ရေး စက်ရုံတွေနဲ့ သံလိုက်ထုတ်လုပ်တဲ့ စက်ရုံတွေဆီကိုပဲ သီးသန့်ရောက်ရှိသွားတယ်လို့ မှတ်တမ်းတင်ထားပါတယ်။

ဟမ်မွန်းက “အဲဒီကနေတဆင့် အဓိကအားဖြင့် လျှပ်စစ်ကားနဲ့ လေတာဘိုင်ကုမ္ပဏီတွေဆီ ရောက်သွားတာပါ။ တချို့ကုမ္ပဏီတွေဆို နာမည်ကြီးတွေချည်းပါပဲ” လို့ ပြောပါတယ်။ “အမြဲတမ်းသံလိုက်တွေကို ကာကွယ်ရေးစက်မှုလုပ်ငန်းတွေမှာလည်း သုံးကြပါတယ်” လို့ သူက ဆက်ပြောပါတယ်။

တရုတ်အကောက်ခွန်အရာရှိတဦးရဲ့ သုတေသနပြုချက်အရ China Southern Rare Earth Group ဟာ သူ့ရဲ့ကုန်ကြမ်းအများစုကို မြန်မာနိုင်ငံကနေ တင်သွင်းတယ်လို့ သိရပါတယ်။ JL Mag လို အဓိကသံလိုက်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဟာ China Southern ဆီကနေ ကုန်ကြမ်းယူပြီး Tesla နဲ့ BYD လို ကမ္ဘာကျော်ကုမ္ပဏီတွေကို ပြန်လည်ဖြန့်ဖြူးပေးပါတယ်။ Global Witness က ဆက်သွယ်မေးမြန်းခဲ့တဲ့ တချို့ကုမ္ပဏီတွေကတော့ မြန်မာ့ကုန်ကြမ်းကွင်းဆက်နဲ့ သူတို့မပတ်သက်ကြောင်း လူသိရှင်ကြား ငြင်းဆိုခဲ့ကြပါတယ်။

ရေထဲမှာ တခုခုတော့ ရှိနေပြီ

“သစ်တောဆုံးရှုံးမှုနဲ့ မြေဆီလွှာတိုက်စားမှုတွေက သတ္တုတူးဖော်မှုဒဏ်ကို ခံနေရတဲ့နေရာတွေမှာ အရေးအကြီးဆုံး ပြဿနာတွေထဲက တခုပါပဲ” လို့ အရပ်ဘက်အဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူက Mongabay ကို ပြောပါတယ်။

“ဓာတုပစ္စည်းတွေ စိမ့်ဝင်မှုကြောင့် ရေထုညစ်ညမ်းပြီး ငါးနဲ့ ရေသတ္တဝါတွေ လျော့နည်းလာခဲ့ပါတယ်။” ချီဖွေမြို့နယ်မှာ အရင်က ရေကြီးတာ ရှားပါးပေမဲ့ ၂၀၁၉ ခုနှစ်ကစပြီး မကြာခဏ ဖြစ်လာတယ်လို့လည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

“ဒီလို ရေကြီးမှုတွေ များလာတာဟာ သတ္တုတူးဖော်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ သစ်တောပြုန်းတီးမှုနဲ့ မြေဆီလွှာပျက်စီးမှုတွေကြောင့် ဖြစ်နိုင်ပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံ၊ မိုးမောက်မြို့နယ်က မြေရှားသတ္တုတူးဖော်ရေးနေရာတွေမှာ တွေ့ရတဲ့ အဆိပ်သင့်ဓာတုပစ္စည်းတွေ ပါဝင်တဲ့ စိမ်ကန်တွေ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သစ်တောပြုန်းတီးမှုနဲ့ အကြီးစား မြေတူးဖော်မှုတွေကြောင့် မြေသားမခိုင်မာတော့ပါဘူး။ ဒါကြောင့်ပဲ မကြာသေးမီနှစ်တွေအတွင်းမှာ ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ ပန်ဝါမြို့မှာဆိုရင် သတ္တုတူးဖော်ရေးဧရိယာတွေ တိုးချဲ့လာတာကြောင့် လူတွေ ထိခိုက်သေဆုံးမှုတွေအထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မီဟန်က တောင်စောင်းတွေပေါ်က သစ်ပင်တွေကို ရှင်းလင်းလိုက်တာဟာ မြေပြိုကျနိုင်ခြေကို အများကြီး မြင့်တက်စေတယ်လို့ ဆိုပါတယ်။ မြေရှားသတ္တုတွေ ထုတ်ယူဖို့ တောင်စောင်းတွေထဲကို ရေနဲ့ ဓာတုပစ္စည်းတွေ စုပ်သွင်းတဲ့အခါ အခြေအနေကို ပိုဆိုးစေတယ်လို့လည်း သူက ပြောပါတယ်။

အဲဒီဓာတုပစ္စည်းတွေကပဲ စိုက်ပျိုးမြေနဲ့ ရေထုကို ညစ်ညမ်းစေတာပါ။ သတ္တုတူးဖော်ရေး စွန့်ပစ်ပစ္စည်းတွေထဲက အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေဟာ မေခမြစ်ထဲကို တိုက်ရိုက်စီးဝင်နေတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက အလွန်စိုးရိမ်နေကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံက မြစ်တွေမှာသာမက အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို စီးဝင်တဲ့မြစ်တွေမှာပါ အာဆင်းနစ်ဓာတ်ကို မြင့်တက်စေပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။

၂၀၂၄ ခုနှစ်မှာတော့ ချီဖွေမြို့က ချောင်းတွေကနေ ရယူထားတဲ့ ရေနဲ့ မြေဆီလွှာနမူနာတွေကို စစ်ဆေးကြည့်ရာမှာ ဆိုးဆိုးရွားရွား ညစ်ညမ်းနေတာကို တွေ့ခဲ့ရပါတယ်။ သတ္တုတွင်းတွေရဲ့ အောက်ဘက်က စီးဆင်းနေတဲ့ ချောင်းတခုရဲ့ နမူနာမှာဆိုရင် အဆိပ်သင့်ဓာတ်သတ္တုတွေနဲ့ “အလွန်အမင်း ညစ်ညမ်းနေတဲ့အဆင့်” မှာ ရှိနေတာကို မှတ်တမ်းတင်ခဲ့ရပါတယ်။

သတ္တုတူးဖော်တဲ့ နေရာတွေက ဒေသခံတွေဟာ ညစ်ညမ်းနေတဲ့ ရေလမ်းကြောင်းတွေကို သောက်သုံးဖို့နဲ့ ငါးဖမ်းဖို့အတွက် သုံးလို့မရတော့ဘူးလို့ ဟမ်မွန်းက ပြောပါတယ်။

“ရေထုညစ်ညမ်းမှုအပြင် သတ္တုတွင်းလုပ်သားတွေမှာ ချောင်းဆိုးတာ၊ ထုံကျင်တာ၊ အရေပြားရောဂါတွေနဲ့ ကျောက်ကပ်ဆိုင်ရာ ပြဿနာတွေလို ကျန်းမာရေးပြဿနာမျိုးစုံကို ခံစားနေရပါတယ်” လို့ သူက ပြောပါတယ်။ “မြေရှားသတ္တုတူးဖော်ရေးနေရာတွေမှာ အကာအကွယ်ပစ္စည်းဆိုတာ လုံးဝမရှိသလောက်ပါပဲ။”

စည်းကမ်းမဲ့ သတ္တုတူးဖော်မှုတွေ တိုးချဲ့လာတာကြောင့် အမျိုးသမီးတွေဟာလည်း တမူထူးခြားတဲ့ ထိခိုက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒေသခံ အမျိုးသမီး လုပ်သားတွေဟာ ကျန်းမာရေးပြဿနာတွေအပြင် မတော်မတရား ဆက်ဆံခံရတာနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို မကြာခဏ ကြုံတွေ့နေရပါတယ်။ သတ္တုတွင်းတွေမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတချို့ အိမ်ပြန်ရောက်တဲ့အခါ ကိုယ်ဝန်ပျက်ကျတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

စစ်ကြောင့် တည်ငြိမ်မှုမရှိတာ၊ ငွေကြေးဖောင်းပွတာနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆုံးရှုံးရတာတွေကြောင့် ကျေးလက်ဒေသက လူတော်တော်များများဟာ ဒီသတ္တုတွင်းတွေမှာ အလုပ်လုပ်ဖို့ တွန်းပို့ခံနေရပါတယ်။ အန္တရာယ်တွေကို သိပေမဲ့ အများစုက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး “တခြားရွေးချယ်စရာ မရှိတော့ဘူးလို့ ခံစားနေရတယ်” လို့ ဆိုပါတယ်။

သတ္တုတွင်းတွေမှာ အလုပ်လုပ်ရင်းနဲ့ ဒေသခံတွေဟာ တခြားပြဿနာတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

“သတ္တုတွင်းလုပ်သားတွေကြားမှာ မညီမျှမှုတွေ ကြီးထွားလာတာ၊ မူးယစ်ဆေးဝါးကို လွယ်လွယ်ကူကူ ရနိုင်တာနဲ့ ဆေးစွဲတာတွေက ပိုပြီးဖြစ်လာပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ “အဲဒီကနေတဆင့် အနိုင်ကျင့်မှုတွေ၊ အိမ်ထောင်ရေးနဲ့ မိသားစုပြဿနာတွေပါ တိုးပွားလာစေတယ်” လို့ သူက ဆိုပါတယ်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နည်းပညာအတွက် လိုအပ်ချက်တွေ မြင့်တက်လာနေပါတယ်။ မြေရှားသတ္တုတွေရဲ့ လိုအပ်ချက်ဟာ ၂၀၃၅ ခုနှစ်မှာ ၃ ဆအထိ တိုးလာနိုင်တာကြောင့် မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုလုပ်ငန်းဟာလည်း ပိုပြီးတိုးတက်လာနိုင်ဖွယ်ရှိတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“ဒေသခံအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို ပံ့ပိုးပေးဖို့က ပိုအရေးကြီးပါတယ်” လို့ မီဟန်က Mongabay ကို ပြောပါတယ်။ “ဒါမှ သူတို့အနေနဲ့ လက်နက်ကိုင်အဖွဲ့တွေ ဒါမှမဟုတ် သတ္တုတူးဖော်ရေးကုမ္ပဏီတွေနဲ့ စကားပြောခွင့်ရတဲ့အခါ ဒီထိခိုက်နစ်နာမှုတွေကို လျှော့ချဖို့ ဘာတွေလုပ်နိုင်မလဲ ဆိုတာနဲ့ ဒီကုမ္ပဏီတွေရဲ့ ကုန်ကြမ်းကွင်းဆက်တွေကို ပိုပြီး ထိလွယ်ရှလွယ်ဖြစ်အောင် လုပ်ဆောင်ဖို့ ရှင်းလင်းတဲ့ တောင်းဆိုချက်တွေ ရှိနေမှာပါ” လို့ သူက ဆိုပါတယ်။

လာတိုယာအဘူလူ၊ ဆိုနမ်လားမားဟွီမို

Ref: Mongabay

(Mongabay သတင်းဌာနဝက်ဆိုက်မှာ Latoya Abulu နဲ့ Sonam Lama Hyolmo တို့ ပူးပေါင်းရေးသားထားသည့် “Satellite data show burst of deforestation in Myanmar rare earth mining hotspots” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024