Home
နိုင်ငံတကာ
မြေရှားသတ္တုဖွံ့ဖြိုးမှု အစီအစဉ် တင်သွင်းရန် အစိုးရအဖွဲ့ကို ပူတင် အမိန့်ထုတ်
DVB
·
September 5, 2025
Photo :Reuters

မြေရှားသတ္တု ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ အစီအစဉ်တခု နိုဝင်ဘာလထက် နောက်မကျဘဲ တင်သွင်းဖို့ ရုရှားသမ္မတ ပူတင်က အစိုးရအဖွဲ့ကို အမိန့်ပေးခဲ့ပါတယ်။

ဗလယ်ဒယ်ဗာစတာမှာ ကျင်းပတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ပြုလုပ်တဲ့ မျက်နှာစုံညီ အစည်းအဝေးဖွင့်ပွဲမှာ ပူတင်က အခုလို ပြောဆိုခဲ့တာပါ။

ရုရှားနိုင်ငံဟာ ကမ္ဘာ့မြေရှားသတ္တုအများဆုံးရှိတဲ့ နိုင်ငံ ၅ နိုင်ငံမှာ ပါဝင်ပြီး မြေရှားသတ္တုတွေကို လေဆာနဲ့ စစ်သုံးပစ္စည်းထုတ်လုပ်ရေးတွေမှာ အသုံးပြုလေ့ရှိပါတယ်။

ရုရှားနိုင်ငံဟာ မြေရှားသတ္တုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချဖို့ ပြည်တွင်းမှာ တိုးမြှင့်ထုတ်လုပ်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေရှားသတ္တု မက်ထရစ်တန် ၄၄ သန်းနဲ့ အကြီးဆုံးပိုင်ဆိုင်ထားပြီး ဗီယက်နမ်နိုင်ငံက မက်ထရစ်တန် ၂၂ သန်းနဲ့ ကမ္ဘာ့ဒုတိအများဆုံးနိုင်ငံ ဖြစ်ပါတယ်။

ဘရာဇီးကတော့ မက်ထရစ်တန် ၂၁ သန်းနဲ့ တတိယနေရာမှာရှိပြီး ရုရှားက မက်ထရစ်တန် ၁၀ သန်းခန့်ရှိကာ အိန္ဒိယနိုင်ငံက မက်ထရစ်တန် ၆ ဒသမ ၉ သန်း ပိုင်ဆိုင်ထားတယ်လို့ world population review ရဲ့ ၂၀၂၄ စာရင်းမှာ ဖော်ပြပါတယ်။

၂၀၂၅ ခုနှစ်ရဲ့ မြေရှားထုတ်လုပ်တဲ့ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက တရုတ်၊ အမေရိကန်ပြီးရင် ထုတ်လုပ်မှုအများဆုံးနိုင်ငံ ဖြစ်ပေမဲ့ ပိုင်ဆိုင်မှု ဘယ်လောက်ရှိသလဲ ဆိုတာတော့ မှတ်တမ်းတင်ထားတာမျိုး မရှိသေးပါဘူး။

၂၀၂၅ ခုနှစ် မြေရှားထုတ်လုပ်တဲ့ နိုင်ငံစာရင်းမှာ ရုရှားနိုင်ငံက အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

အဲဒီဖိုရမ်မှာ ပူတင်က အရှေ့ဖျား၊ အာတိတ်ဒေသတို့မှာ စီးပွားရေးလုပ်ငန်း လုပ်ဆောင်မယ့် စနစ်တွေ လုပ်ဆောင်ဖို့လည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ပူတင်က ရုရှား စီးပွားရေးအဖွဲ့ရဲ့ ကျွမ်းကျင်မှုကိုလည်း ချီးကျူးခဲ့ပါသေးတယ်။ ရုရှားအစိုးရအဖွဲ့နဲ့ ဗဟိုဘဏ်တို့ရဲ့ ကျွမ်းကျင်မှုကို ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။

အရှေ့ဖျား စီးပွားရေဖိုရမ်ဟာ ၂၀၁၅ ခုနှစ်က စတင်ကျင်းပတဲ့ ဖိုရမ်ဖြစ်ပြီး ရုရှားအရှေ့ဖျားမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ အားပေးတဲ့ ရည်ရွယ်ချက်နဲ့ နှစ်စဉ်ကျင်းပတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013