ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ထဲမှာ ဘွိုလွိုင်မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်၊ တောင်ကျချောင်းရေလျှံကာ တံတားကျိုးတာ၊ အိမ်ပျက်စီးတာ၊ ကားတစီး နဲ့ လူတယောက်ပါ ရေထဲမျောပါသွားကာ မြေပြိုပြီး အမျိုးသမီးတယောက် သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၂၉ ရက် ညနေကစ တညလုံး မိုးသည်းထန်စွာရွာသွန်းတဲ့နောက် ဒေသတွင်းရှိ မြစ်ချောင်းတွေ ရေမြင့်တက်လာသလို တောင်ပေါ်ကကျလာတဲ့ရေတွေကြောင့် ရေစီးအလွန်သန်ပြီး မဲ့ဆရီးယန်းမြို့ ဆွပ်ဟန်ရွာနားက ဆွပ်ဟန်တံတားကြီးဟာ ခလယ်ကနေ ကျိုးကျပျက်စီးသွားတယ်။ ဆက်သွယ်သွားလာလို့ မရသေးဘူးလို့ ဒေသခံတွေက သတင်းထောက်ကို ပြောပါတယ်။
ဒီကနေ့မနက် ၄ နာရီမှာ မဲ့စရီးယန်းမြို့နယ် မဲ့ခုံးအုပ်စု ထုန့်လျန့် ကျေးရွာမှာ မြေပြိုမှုဖြစ်ပွားပြီး အမျိုးသမီးတစ်ယောက် သေဆုံးသွားတယ်၊ ဆိုင်ကယ် နဲ့ ကားတွေလည်း မြေကြီး အောက်ရောက်နေပြီး ပျက်စီးဆုံးရှုံးမှု စာရင်းကောက်နေဆဲလို့ NBT ထိုင်းသတင်းမှာ ဖော်ပါတယ်။
မယ်နမ့်ယုမ်းချောင်းရေထဲမှာ ဒီနေ့မနက်က လူတယောက် ရိမ်းမွေးတံတားနားကနေ ရေထဲ ပြုတ်ကျသွားပြီး ရေစီးနဲ့အတူ မျောပါနေတယ်၊ အဲဒါကို လှမ်းမြင်တဲ့လူတွေက အကူအညီ တောင်းတာကြောင့် ကယ်ဆယ်ရေးအဖွဲ့က ကြိုးစားပမ်းစားကယ်ဆယ်ကာ ဆေးရုံကြီးကို ပို့ထား တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘန့်ဆုပ်ရွာက နေအိမ် ၁၅ လုံးထဲ ရေဝင်ရောက်နေပြီး အိမ်ထောင်ပရိဘောဂနဲ့ နေအိမ်ရဲ့ မခိုင်ခံ့တဲ့ အစိပ်အပိုင်းတွေ ရေစီးထဲ မျောပါသွားကြတယ်။
မဲ့စရီးယန်းမြို့နယ် အုပ်ချုပ်ရေးမှူးက ဒီတကြိမ်ရေကြီးမှုဟာ ၁၀ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်တယ်၊ ရေထဲပိတ်မိနေသူတွေ အမြန်ဆုံးကယ်ထုတ်ဖို့၊ ပစ္စည်းတွေအမြင့်ကို ရွှေ့ပြောင်းပြီး ပျက်စီးဆုံးရှုံးမှု စာရင်းကောက်ခံဖို့ ညွှန်ကြားသွားတယ်လို့ မယ်ဟောင်ဆောင်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။
ဘွိုလွိုင်မုန်တိုင်းအရှိန်ကြောင့် ချင်းမိုင်ခရိုင် အုမ်းကွယ်၊ မဲ့တိုင်၊ ဝိန်းဟိုင် စတဲ့မြို့နယ်မှာလည်း တောင်ကျချောင်းရေကြောင့် ရေတွေကြီးနေပြီး အချို့နေရာတွေမှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လျက်ရှိပါတယ်။
ဘိုလွိုင်မုန်တိုင်း အရှိန်လျော့သွားပြီဆိုပေမဲ့ ထိုင်းမြောက်ပိုင်း နဲ့ အရှေ့မြောက်ပိုင်းဒေသမှာ နောက် ၂ ရက်ထိ မိုးဆက်ရွာနေဦးမှာဖြစ်ပြီး ရေကြီးရေလျှံနဲ့ တောင်ကျချောင်းရေတွေ သတိထားဖို့ ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
Source : Maehongsong News / Chiangmai News / Bangkok business news / NBT










