Home
မြန်မာသတင်း
မြန်မာတွင် လိုင်စင်မဲ့ကား ဖမ်းဆီးနေသဖြင့် ထိုင်းနယ်စပ်မှ တင်ပို့မည့်ကားများ ရာနှင့်ချီသောင်တင် 
DVB
·
June 25, 2025

ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ရှိ မြန်မာနယ်စပ်မှာ တဘက်နိုင်ငံကို တင်ပို့မယ့် မော်တော်ကားအစီးရေ ရာနဲ့ချီ သောင်တင်နေတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အဆိုပါကားတွေဟာ ဂျပန်နိုင်ငံက တပတ်ရစ်ကားတွေဖြစ်ပြီး  မယ်ဟောင်ဆောင်မြို့နယ်၊ ဟွေ့ဖာအုပ်စု၊ ဘန့်ဟွေ့ဖိန့်နယ်စပ်ဂိတ်ကနေတဆင့်  မြန်မာဘက်ကို   တင်သွင်းမှာဖြစ်ပေမဲ့ မြန်မာစစ်ကောင်စီက မှတ်ပုံတင်ထားခြင်းမရှိတဲ့ ယာဉ်တွေ၊ လိုင်စင်မဲ့ယာဉ်တွေကို စစ်ဆေးဖမ်းဆီးမှု ကြမ်းတမ်းနေတာကြောင့် ပို့ဆောင်လို့မရဘဲ သောင်တင်နေတာ သီတင်း ၂ ပတ်လောက်ရှိပြီလို့ ထိုင်းအကောက်ခွန်သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

အဲဒီကားတွေဟာ ထိုင်းဘက်ခြမ်းမှာရော မြန်မာဘက်ခြမ်း လင်းခေးခရိုင် ဟိုမိန်း နဲ့ နားမွန်းရွာမှာလည်း သောင်တင်နေတယ်၊ အရေအတွက် ရာနဲ့ချီရှိတယ်လို့ ဆိုပါတယ်။ 

မယ်ဟောင်ဆောင်ခရိုင်ဝန် နိုင်းဧကဝုဒ် မီးဖျိန့်နဲ့ တာဝန်ရှိသူတွေဟာ အဆိုပါနေရာကို  ဇွန် ၇ ရက်က သွားရောက်စစ်ဆေးခဲ့တယ်။ မော်တော်ကားနဲ့ ကားအပိုပစ္စည်းတွေ တင်ပို့တာဖြစ်ဖြစ်၊ တခြားကုန်စည်တွေ ပို့ဆောင်တာဖြစ်ဖြစ် တရားဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ ညွှန်ကြားသွားပါတယ်။ 

မြန်မာနိုင်ငံထဲမှာ အခွန်မဆောင်တဲ့ လိုင်စင်မဲ့ကားတွေ အသုံးပြုနေတာဟာ တိုင်းပြည်ရဲ့ ဝင်ငွေကို များစွာထိခိုက်နစ်နာစေတဲ့အပြင် တော်လှန်နေတဲ့ အဖွဲ့အစည်းတွေပါ အသုံးပြုနေကြတယ်။ ဒါကြောင့် ဇွန် ၁ ရက်နေ့ကစပြီး လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေ ဖော်ထုတ် ဖမ်းဆီးဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားထားတာလို့ သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းနိုင်ငံရဲ့ အကောက်ခွန်ဥပဒေအရ တဘက်နိုင်ငံတင်ပို့မယ့် ယာဉ်တွေကို နယ်စပ်မှာ ၂၁ ရက်ထက် ပိုထားခွင့်မရှိတာကြောင့် ကားအရောင်းအဝယ်သမားတွေ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ တိုက်ပွဲတွေကြောင့်  တာ့ခ်ခရိုင် မဲဆောက်ဘက်မှာလည်း မြဝတီဘက်တင်ပို့မယ့် မော်တော်ကားတွေ သောင်တင်နေပြီး မတ် ၁၇ ရက်က ထိုင်းအကောက်ခွန်ဝင်းထဲ မီးလောင်မှုဖြစ်ပွားတာမှာ မော်တော်ကား အစီး‌ရေ ရာနဲ့ချီ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ 

Source :  Chiangmai News / Lanna News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013