Home
မြန်မာသတင်း
လိုင်စင်မဲ့ကားများကို လာဘ်ငွေယူကာ နယ်စပ်မှသွင်းခွင့်ပြုပြီး  မြို့ပေါ်ရောက်မှ ဖမ်းဆီး
DVB
·
June 3, 2025

ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ လိုင်စင်မဲ့ကားတွေကို စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက လာဘ်ငွေကြေးယူကာ နယ်စပ်ကနေ ဝင်ခွင့်ပြုပြီး မြို့ပေါ်တွေကိုရောက်မှ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်ရဲ့ မြို့တော်တောင်ကြီးနဲ့ တနသာ်ရီတိုင်း မြိတ်မြို့တို့မှာ လိုင်စင်မဲ့ကားတွေကို နယ်စပ်တွေကနေ ငွေကြေးရယူကာ သွင်းခွင့်ပြုခဲ့ပေမယ့် မြို့ပေါ်တွေရောက်တဲ့အခါမှ ဖမ်းဆီးတာလို့ မြို့ခံတွေက ပြောကြပါတယ်။

လိုင်စင်မဲ့ကားတွေကို ထိုင်းနယ်စပ်နဲ့ ခိုးဝင်လမ်းကြောင်းတွေကနေတဆင့် စစ်တပ်ဂိတ်စခန်းတွေကို ငွေပေးပြီး မြို့ထဲအထိသယ်လာပြီးမှ မြို့ခံတွေစီးတဲ့အချိန် ဖမ်းဆီးတာဖြစ်တယ်လို့ ဆိုပါတယ်။

တောင်ကြီးမြို့ရဲ့ လူစည်ကားရာနေရာတွေမှာ မေ ၃၀ ရက်ကစပြီး ယာဉ်ထိန်းရဲ၊ ရဲနဲ့ အဖွဲ့အစုံ အယောက် ၂၀ ကျော်က လိုင်စင်မဲ့ကားတွေကို စစ်ဆေး သိမ်းဆည်းတာတွေလုပ်ခဲ့ပြီး ၃ ရက်အတွင်း အစီးရေ ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

တောင်ကြီး မြို့ခံတယောက်က "သူတို့ငွေရှာချင်လို့ လုပ်နေကြတာဆိုတော့ ဘာပြောရမှန်းတောင်မသိတော့ပါဘူး။ အခုလို ကျောင်းဖွင့်ခါနီး မိုးတွေရွာတဲ့ကာလမှာ Without (လိုင်စင်မဲ့)တွေ ဖမ်းတာဆိုတော့ ကလေးမိဘတွေ ပိုဒုက္ခရောက်တာပေါ့။ ကိုယ့်ကလေးကို မိုးလုံလေလုံနဲ့ ကျောင်းပို့ချင်တယ်။ လိုင်စင်ကားကျလည်းမဝယ်နိုင်၊ တတ်နိုင်တာလေးနဲ့ အဆင်ပြေအောင် မိဘတွေက ကြိုးစားကြရတာလေ။ ဒါကို မအလ၊ (--) မတွေက ကိုယ်ချင်းစာစိတ်မှမထားတာ။ တကယ်အမှန်တကယ် ဥပဒေကိုတိတိကျကျလုပ်မယ်ဆို ဒီကားတွေ ဒီမြို့ကို ရောက်စရာကိုမရှိဘူး "လို့ ပြောပါတယ်။

တနင်္သာရီတိုင်း မြိတ်မြို့မှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုင်စင်မဲ့တရားမဝင်ကားတွေကို ဖမ်းဆီးမယ်လိုပြောပြီးတဲ့နောက် လိုင်စင်မဲ့တရားမဝင်ကားတွေကို ဖမ်းဆီးတာတွေလုပ်နေတယ်လို့ မြိုခံတွေက ပြောပါတယ်။

လိုင်စင်မဲ့ကားတွေကို ပြည်သူတွေဆီကသာ ဖမ်းဆီးပြီး ပြန်ရွေးလို့မရပေမဲ့ ဌာနဆိုင်ရာကဝန်ထမ်း တွေကတော့ လိုင်စင်မဲ့ကားတွေစီးနေကြတဲ့အတွက် မြို့ခံတွေကြားမှာ ဝေဖန်ပြောဆိုမှုတွေလည်း မြင့်တက်နေပါတယ်။

မေ ၂၀ ရက်မှာ စစ်ခေါင်းဆောင်က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေက လုံခြုံရေးနဲ့ အခွန်ငွေကို ထိခိုက်လို့ အရေးယူဖို့လိုအပ်တယ်လို့ ပြောဆိုပြီးနောက် ဖမ်းဆီးခံရတာတွေ ဆက်တိုက်ရှိလာတယ်လို့ ဆိုပါတယ်။

မြိတ်မြိုမှာ လိုင်စင်မဲ့ကားတွေကို စစ်ကောင်စီရဲ့ အမှတ် (၂၆၅) ခြေလျင်တပ်ရင်းကနေ တပ်ရင်းမှူးလက်မှတ်နဲ့  ကျပ်ငွေ ၂ သိန်းကနေ ၇သိန်းကြားအထိ ပေးဆောင်ကာ ၂၀၂၂ ခုနစ်ကတည်းက မောင်းနှင်ခွင့်ပေးထားခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လင်းအိမ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013