
ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမှာ လိုင်စင်မရှိတဲ့ ကားတွေကို မေ ၃၀ ရက်နေ့ကစလို့ စီမံချက်နဲ့ အဖွဲ့အစုံကဖမ်းဆီးပြီး ငွေတောင်းတာ၊ ကားသိမ်းတာတွေလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တောင်ကြီးမြို့ထဲက K&K စတိုးဆိုင်အနီး၊ အထက ၄ ကျောင်းအနီး၊ ဘုရားဖြူအတက်၊ ကံကြီးရပ်ကွက်တို့မှာ မော်ကယ်ပီကယ်၊ ရဲ နဲ့ အဖွဲ့စုံက လာသမျှကားတွေ တားစစ်ပြီး ကားသိမ်းတာ ငွေညှိတာတွေရှိနေတယ်လို့ သိရပါတယ်။
ကားဖမ်းခံရသူတယောက်က “ကျနော်တော့ နေရာမှာတင် ၅ သိန်းနဲ့ ညှိလို့ရခဲ့တယ်။ နောက် ၃၊ ၄ ရက်လောက် အပြင်မထွက်လာတော့နဲ့တဲ့” လို့ ပြောပါတယ်။
ကားအသိမ်းခံရသူတွေက ငွေညှိတဲ့အခါ ငွေကျပ် ၁ သိန်းကနေ ၅ သိန်းအထိနဲ့ ညှိပြီး ပြန်ရွေးလို့ရလာသူတွေရှိသလို ကားအသိမ်းခံရသူတွေလည်းရှိနေပါတယ်။
ကားအဖမ်းခံရသူနောက်တယောက်က “ညှိမရပါဘူး၊ အခုပါသွားတာ၊ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး၊ ရူးချင်နေပြီ” လို့ ပြောပါတယ်။
မေ ၂၀ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ အစည်းအဝေးမှာ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေက လုံခြုံရေးနဲ့ ဝင်ငွေခွန်ထိခိုက်လို့ အရေးယူဖို့လိုအပ်တယ်လို့ စစ်ခေါင်းဆောင်ပြောပြီးနောက် တောင်ကြီးမြို့မှာ ကားနဲ့ ဆိုင်ကယ် ဖမ်းဆီးခံရတာ ပိုများလာတယ်လို့ သိရပါတယ်။
တောင်ကြီးမှာ ကားတွေဘယ်လောက် ဖမ်းဆီးခံထားရလဲဆိုတာတော့ အတိအကျမသိရသေးဘဲ ဇွန် ၁ ရက်နေ့မှာ ပိုပြီးစစ်ဆေးဖမ်းဆီးမယ်လို့သိရပြီး ငွေနဲ့ညှိမရဘူးလို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။