Home
နိုင်ငံတကာ
ထိုင်းမူးယစ်ရာဇာတဦး မြန်မာဘက်၌ တိမ်းရှောင်နေ
DVB
·
June 19, 2025

မြန်မာနိုင်ငံဘက်ခြမ်းမှာ တိမ်းရှောင်နေတဲ့ ထိုင်းမူးယစ်ရာဇာတဦးကို ပူးပေါင်းပြီးတော့ ဖမ်းဆီးနိုင်ဖို့ ထိုင်းအာဏာပိုင်တွေဟာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေတဲ့အကြောင်း Bangkok Post သတင်းတပုဒ်မှာ ဇွန် ၁၈ ရက်က ဖော်ပြပါတယ်။

သက်ချာဖွန် ထရတ်ခူမုမ်မီးဒီး အမည်ရတဲ့ အဆိုပါ မူးယစ်ရာဇာဟာ မြန်မာနိုင်ငံနယ်စပ် တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံဘက်ကို မူးယစ်ဆေးဝါးတွေ မှောင်ခိုတင်သွင်းရာမှာ ကြိုးကိုင်သူဖြစ်တယ်လို့ တာဝန်ရှိသူတွေက စွပ်စွဲထားသလို သူဟာ မူးယစ်ဆေးဝါးတွေကို နယ်စပ်မယ်ဆိုင်မြို့ကနေ ပြည်တွင်းဖြန့်ဖြူးတာ၊ ဒါမှမဟုတ် တတိယနိုင်ငံတွေဆီ တင် ပို့ရောင်းချနေတဲ့အကြောင်း ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) က အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ပန်နုရတ်လပ်ဘူက ပြောပါတယ်။

ထိုင်းနိုင်ငံ တရားရေးဝန်ကြီး ထဝီ ဆော့ဒ်ဆောင်ကလည်း မူးယစ်ရာဇာ မစ္စတာ သက်ချာဖွန်ကို ဖမ်းဆီးရာမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံကို သွားရောက်ဖို့ ဗိုလ်မှူးကြီး ပန်နုရတ်ကို တောင်းဆိုလိုက်ပါတယ်။

အဆိုပါ လှုပ်ရှားမှုဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၈ ဦးနဲ့ သူတို့ရဲ့ မိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့တဲ့ စစ်ဆင်ရေးတခုအပြီးမှာ ဆက်လက်လုပ်ဆောင်ဖို့ ဖြစ်လာခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းအာဏာပိုင်တွေက သူတို့ရဲ့ အိမ်၊ မြေ၊ ကားနဲ့ ဇိမ်ခံနာရီတွေအပါအဝင် ပိုင်ဆိုင်မှု ဘတ် ၁၅ ဒသမ ၁ သန်းကို သိမ်းဆည်းရမိခဲ့ကြတာဖြစ်ပေမဲ့ သံသယရှိသူ ၈ ဦးကိုတော့ မတွေ့ရှိရသေးဘဲ သူတို့ဟာလည်း မြန်မာနိုင်ငံဘက်မှာ ပုန်းအောင်းနေနိုင်တယ်လို့ ယုံကြည်နေကြတာပါ။

ဒါ့အပြင် ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) က သံသယဖြစ်ဖွယ် ငွေ ကြေးလမ်းကြောင်းထဲက ဘတ် ၉၇ သန်းနီးပါးကို စိစစ်နိုင်ရေးအတွက် လူ ၁၂ ဦးကို စစ်ဆေးမေးမြန်းနိုင်ရေး ဆင့်ခေါ်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

ဗိုလ်မှူးကြီး ပန်နုရတ်ကတော့ အဆိုပါ စစ်ဆင်ရေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်က ဘန်ကောက်မြို့မှာ လူ ၈ ဦးကို စိတ်ကြွမူးယစ်ဆေးပြား ၃ သန်းနဲ့အတူ သိမ်းဆည်းရမိမှု နောက်ဆက်တွဲအနေနဲ့ လုပ်ဆောင်နိုင်ခဲ့တာလို့ ပြောပါတယ်။

ဒါ့အပြင် ထိုင်းအာဏာပိုင်တွေက အလိုရှိနေတဲ့ မူးယစ်ရာဇာ မစ္စတာ သက်ချာဖွန်ဟာ  မြန်မာနိုင်ငံထဲက မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေဆီ တိုက်ရိုက်ဝင်ရောက်ကာ မူးယစ် ဆေးဝါး မှောင်ခိုဂိုဏ်းတွေ၊ ထိုင်းမှောင်ခိုသမားတွေအတွက် လုံခြုံစိတ်ချရတဲ့ နေရာတွေ ပံ့ပိုးပေးကာ တင်ပို့ရောင်းချမှု လွယ်ကူချောမွေ့စေဖို့ လုပ်ဆောင်ရာမှာ အဓိကလူဖြစ်တယ်လို့ ယူဆကြောင်းလည်း သူက ပြောပါတယ်။

သူဟာ မြန်မာနိုင်ငံဘက်မှာ နေထိုင်နေပြီး တာချီလိတ်နဲ့ ကျိုင်းတုံဒေသတွေမှာ ရွှေဆိုင်တွေ၊ ဆောက်လုပ်ရေးဝန်ဆောင်မှု လုပ်ငန်းတွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေ၊ ဟိုတယ်နဲ့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းတွေအပါအဝင် စီးပွားရေးလုပ်ငန်း မျိုးစုံကို လုပ်ကိုင်နေပြီး အဆိုပါ လုပ်ငန်းတွေရဲ့ တန်ကြေးဟာ ဘတ်ငွေ ၁ ဘီလီယံနီးပါးလောက် ရှိနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013