
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ဆုတောင်းပြည့်ဘုရားနဲ့ မလှမ်းမကမ်းမှာ စက်တင်ဘာ ၂၈ ရက်က သူနာပြုအကူသင်တန်းသူ အမျိုးသမီးတယောက် ဓားထိုးအသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီအမျိုးသမီးဟာ မြစ်ကြီးနား စီကာပူမှာနေတဲ့ အသက် ၂၀ အရွယ် မနုငယ်လှိုင် ဖြစ်ပါတယ်။
လိုက်ပါကူညီခဲ့သူတယောက်က “ကလေးမလေးရဲ့ မိဘတွေက တရုတ်ပြည်မှာနေကြတာ။ သူ့ရဲ့ဆွေမျိုးတွေက မိုးညှင်းမှာရှိတယ်။ သူနာပြုအကူသင်တန်းတက်ရင်း အဆောင်ငှားနေတာလို့ ပြောပါတယ်။ ဘာကြောင့် အသတ်ခံရတယ် ဆိုတာတော့ မသိပါဘူး။ သူ့ဆွေမျိုးတွေနဲ့ အဆက်အသွယ်ရပါတယ်။ မနေ့ကပဲ မီးသင်္ဂြိုဟ်ပြီးပါပြီ။ ဆွေမျိုးတွေလာပါတယ်။ သူတက်နေတဲ့ သင်တန်းကလည်း အစစအရာရာ လိုက်ပါကူညီကြပါတယ်။ သတ်တဲ့သူက ကလေးမလေးရဲ့ လက်ဝတ်လက်စားလေးကို မယူဘူး။ အခုလည်း မဖမ်းမိသေးပါဘူး” လို့ DVB ကို ပြောပါတယ်။
ဖြစ်စဉ်အရ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားအနားမှာ ဓားနဲ့ထိုးသတ်ခံထားရတဲ့ ရုပ်အလောင်း တွေ့တယ်ဆိုပြီး သတင်းပို့တဲ့အတွက် ရဲက စစ်ဆေးတာတွေ လုပ်ပြီး မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းကို ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီအသင်းက အလောင်းကို မြစ်ကြီးနားဆေးရုံကြီးကို ပို့ပြီး ဆေးရုံက ရင်ခွဲရုံမှာ လိုအပ်တဲ့ စစ်ဆေးတာတွေ လုပ်ခဲ့ပြီးတဲ့နောက် မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းကပဲ ရာဒါကောင်းသုသာန်မှာ စက်တင်ဘာ ၂၉ ရက်က ပို့ဆောင် သင်္ဂြိုဟ်ခဲ့တာလို့ သိရပါတယ်။