
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် လူသွားလမ်းဘေးမှာ ပွန်းပဲ့ဒဏ်ရာတချို့နဲ့ သေဆုံးနေသူ အမျိုးသားတယောက်ရဲ့အလောင်းကို စက်တင်ဘာ ၁၉ ရက်က တွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီအမျိုးသား ရုပ်အလောင်းကို စီတာပူရပ်ကွက် ဧရာဝတီမြစ်ကမ်းနား ဒူဝါခက်လ လမ်းဘေးတနေရာမှာ တွေ့ခဲ့ရတာဖြစ်ပြီး လူမှုကူညီရေးအသင်းက ပိုင်ရှင်မဲ့အနေနဲ့ သုသာန်ကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အလောင်းမှာ ပွန်းပဲ့ဒဏ်ရာ နည်းနည်းတော့ တွေ့ရတယ်။ လူမှုကူညီရေးအသင်းကတော့ ပိုင်ရှင်မဲ့အလောင်းအဖြစ်နဲ့ သုသာန်ကို ပို့ဆောင်ပေးလိုက်ကြတယ်။ ၁၈ ရက်နေ့ ညပိုင်းလောက်က သေဆုံးတာလို့ ယူဆနေကြတယ်” လို့ ပြောပါတယ်။
အသက် ၃၀ ကျော်အရွယ်လောက်ရှိတဲ့ အဲဒီအမျိုးသားဟာ တီရှပ်အင်္ကျီ၊ ဘောင်းဘီတို ဝတ်ဆင်ထားပြီး မှောက်လျက်သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။
သူ့ကို တွေ့မြင်ဖူးသူ ဒေသခံတချို့ကတော့ သူဟာ အရက်သောက်တတ်ပြီး အဲဒီဝန်းကျင်မှာ သွားလာနေထိုင်တတ်သူ ဖြစ်တယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာ အခုရက်ပိုင်းအတွင်း ပိုင်ရှင်မဲ့ သေဆုံးတာတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၁၅ ရက်ကလည်း မြစ်ကြီးနားဆေးရုံကြီးက ပိုင်ရှင်မဲ့ရုပ်အလောင်း ၂ လောင်းကို လူမှုကူညီရေးအသင်းတွေက သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ သိရပါတယ်။