
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်မှာ ဓားထောက်လုယက်တဲ့ လူငယ် ၃ ယောက်ကို ရပ်ကွက်က ဝိုင်းဝန်ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီလောက်က ခေမာသီရိရပ်ကွက်၊ ရှမ်းဓမ္မာရုံလမ်းအတွင်းမှာ ဆိုင်ကယ် ၁ စီးကို လူငယ် ၃ ယောက်က တားဆီးလုယက်နေတုန်း ရပ်ကွက်နေပြည်သူတွေက တွေ့ရှိပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဒေသခံ တယောက်က “ရပ်ကွက်က အရပ်သားတွေကဝိုင်းဖမ်းရတာပါ။ ရှမ်းဓမ္မာရုံလမ်းကြားထဲမှာ ဖမ်းမိတာ။ ဆိုင်ကယ်တစီးကို လုနေတဲ့ချိန် ဝိုင်းဝန်းပြီး ဖမ်းဆီးလိုက်ကြတာ။ အဖွဲ့လိုက်လုယက်တဲ့သူတွေလို့ သိရတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးရမိသူလူငယ် ၃ ယောက်ဟာ အသက် ၁၉ နှစ်ဝန်းကျင်အရွယ် တယောက်နဲ့ အသက် ၂၀ ဝန်းကျင်အရွယ် ၂ ယောက်ဖြစ်ပြီး သူတို့ကို သက်ဆိုင်ရာဆီ အပ်ထားတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ ပို့ထားပါပြီ။ လူငယ် ၃ ယောက်ပါ။ အရပ်ကပဲ ဝိုင်းဖမ်းနေရတာဆိုတော့ နောက်ကျရင် အရပ်သားတွေကို အသက်အန္တရာယ်ပေးခံရမှာ စိုးရိမ်နေရတယ်။ ဒီလို ဖြစ်စဉ်တွေကလည်း မြစ်ကြီးနားမှာ ခပ်စိပ်စိပ်ဖြစ် လာတယ်” လို့ပြောပါတယ်။
စက်တင်ဘာ ၇ ရက်ကလည်း မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်အတွင်း လမ်းလျှောက်လာတဲ့သူဆီကနေ ဓားပြတိုက်လုယက်ဖို့ကြိုးပမ်းခဲ့တဲ့ လူငယ် ၆ ယောက်ထဲက ၄ ယောက်ကို ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။