
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ လမိုင်းမြို့မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပစ်ခတ်ခံရသူတွေဟာ လမိုင်းမြို့၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဦးနဲ့ ရာအိမ်မှူး ဦးသန်းဝင်းတို့ ဖြစ်ပြီး စက်တင်ဘာ ၂၈ ရက် မနက် ၈ နာရီလောက်မှာ အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့မှာ ပစ်ခတ်ခံရတာလို့ သိရပါတယ်။
ဒေသခံတယောက်က “အုပ်ကြီးက အသက် ၅၀ ကျော်ကျော် အရွယ်ပါ။ ဆွမ်းဆန်စိမ်းလောင်းပြီး ကားနဲ့ ပြန်လာကြတာ။ အိမ်ထဲကို ကားသွင်းနေချိန် အနောက်ကနေ ဆိုင်ကယ်နဲ့ပါလာတဲ့သူတွေက ပစ်ခတ်သွားတာ” လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးကျော်ဦးက နားထင်ကျည်ထိဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ရာအိမ်မှူး ဦးသန်းဝင်းက လည်ပင်းညှပ်ရိုး ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ လမိုင်းမြို့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
သက်ဆိုင်ရာတာဝန်တွေနဲ့ နီးစပ်သူတယောက်က “အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးကို ပစ်ခတ်သွားသူတွေက ဆိုင်ကယ်နဲ့လာတဲ့ လက်နက်ကိုင် ၂ ယောက်လို့ ကနဦး စစ်ဆေးချက်အရ သိရပါတယ်။ ကျူးလွန်သူတွေကို ဖမ်းမိတာ မရှိသေးပါဘူး” လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ဒေသတွေကို လာရောက်ပြီး လမ်းပိတ်စစ်ဆေးတာ၊ မြို့အဝင်အထွက်တွေမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်ကလည်း ရေးမြို့နယ်က အံဒင်းကျေးရွာအုပ်စု၊ ဓမင်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေအနဲ့ ရာအိမ်မှူးတို့ စစ်မှုထမ်းလူစားထိုးပေးလို့ရတဲ့ ပိုက်ဆံတွေကို ဝေစုခွဲယူနေချိန် ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၇ ရက်ကလည်း ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအနီးမှာရှိတဲ့ စစ်တပ် ခမရ ၅၉၁ ကနေ ဈေးထွက်ဝယ်တဲ့ တပ်ရေး ဗိုလ်ကြီးနဲ့ မိသားစုဝင်တွေ ပစ်ခတ်ခံရပါတယ်။


