
ထောင်ဒဏ်တနှစ် ပြန်လည်ကျခံနေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ထိုင်းဘုရင်ထံက တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ ထပ်မံလျှောက်ထားခဲ့တယ်လို့ ထိုင်း PBS သတင်းမှာ ဖော်ပြပါတယ်။
သက်ဆင်ဟာ အဂတိလိုက်စားမှု စွဲချက်တွေအတွက် ထောင်ဒဏ်တနှစ် ပြန်လည်ကျခံဖို့ တရားရုံးချုပ်က အမိန့်ချခဲ့တာကြောင့် ပြစ်ဒဏ်ပြန်လည်ခံယူနေရတာ ဖြစ်ပါတယ်။
သက်ဆင်ရဲ့ အသနားခံလွှာကို တရားရေးဝန်ကြီးဌာနက လက်ခံပြီးတော့ အစိုးရအဖွဲ့ အတွင်းဝန်ချုပ်ရုံးကို ပို့လိုက်ပြီလို့ ဝန်ကြီးဌာန ရာထူးကြီး သတင်းရင်းမြစ်တယောက်က အတည်ပြုပါတယ်။
ဒီအသနားခံလွှာကို ဆိုင်းငံ့ထားလို့မရဘဲ မဖြစ်မနေ ဘုရင့်အတိုင်ပင်ခံကောင်စီကို ပေးပို့ရမှာဖြစ်ပြီး ခွင့်ပြု၊ မပြုကတော့ ဘုရင်အပေါ်မှာပဲ မူတည်မယ်လို့ အဆိုပါသတင်းရင်းမြစ်က ဆိုပါတယ်။
ဒါပေမဲ့ သက်ဆင်အမှုမှာဆိုရင် မူလကတည်းက ထောင်ဒဏ် ၈ နှစ်ကို တနှစ်အဖြစ် ဘုရင်က လျှော့ချပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ဒါမှမဟုတ် ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ ထပ်မံလျှောက်ထားခွင့် ရှိ၊ မရှိဟာ အငြင်းပွားစရာ ဖြစ်နေပါတယ်။
သက်ဆင်ဟာ မူလထောင်ဒဏ်တနှစ် ကျခံရစဉ်က ၆ လကို ရဲဆေးရုံကြီးမှာ နေထိုင်ခဲ့ပြီး ကျန် ၆ လကတော့ ကတိခံဝန်နဲ့ သက်သာခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အသက်ဘေးကြုံရလောက်တဲ့ ဖျားနာမှုမျိုး မရှိဘဲ ရဲဆေးရုံကြီးမှာ နေထိုင်ခဲ့မှုဟာ ထောင်ဒဏ်အတွင်း အကျုံးမဝင်ဘူးလို့ တရားရုံးချုပ်က ဆုံးဖြတ်ပြီး ထောင်ထဲမှာ တနှစ် ပြန်နေခိုင်းခဲ့တာ ဖြစ်ပါတယ်။


