
အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ လျှောက်တဲ့ ပုံစံ ၁၅ တွေ ပေးပို့ရမယ်ဆိုပြီး ဒူဘိုင်းမြို့ရှိ စစ်ကောင်စီသံရုံးက ပတ်စ်ပို့ဝန်ဆောင်မှုပေးတဲ့ အေးဂျင့်တွေကို ဖိအားပေးထားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒူဘိုင်းမှာအလုပ်လုပ်ကိုင်နေတဲ့ အေးဂျင့်တွေနဲ့ နီးစပ်သူတယောက်က "ဒီမှာက အေးဂျင့်လုပ်နေတာ ၁၀ ယောက်လောက်ရှိတာဆိုတော့ ပုံစံ ၁၅ တင်ပေးရမှာ အေးဂျင့် တယောက်ကို ပုံစံ ၅၀ နှုန်းနဲ့၊ အယောက် ၅၀၀ စာပေါ့။ အဲဒါတင်ဖို့ကို နောက်လကုန်အထိ အချိန်ပေးထားတယ်” လို့ ပြောပါတယ်။
ဒါကြောင့် ဒူဘိုင်းရောက် မြန်မာတော်တော်များများက ပုံစံ ၁၅ မတင်ချင်တဲ့အတွက် ပတ်စ်ပို့ သက်တမ်းတိုးဖို့ကို အချိန်ရနိုင်သလောက်ရအောင် ရွှေ့ထားကြတယ်လို့ သိရပါတယ်။
မလွှဲသာလို့ ပုံစံ ၁၅ ဖြည့်တင်ရရင်လည်း မဲပေးရမယ့်နေ့မှာ သံရုံးကို သွားရောက်မဲပေးမှာမဟုတ်ဘူးလို့ ဒူဘိုင်းရောက် မြန်မာနိုင်ငံသားတချို့က ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ဒီဇင်ဘာလကုန်မှာ စလုပ်မယ်ဆိုပြီး ကြေညာပြီး ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးဖို့တိုက်တွန်းနေသလို မဲပေးခွင့်အတွက် ကိုယ်ရေးအချက်အလက်တွေဖြည့်ရတဲ့ ပုံစံ ၁၅ တင်ရမယ့် ရက်ကိုလည်း ထပ်တိုးထားပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။